
မုန်လာဥနီကို အေးသောနေရာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ပူပြင်းခြောက်သွေ့ သော ရာသီဥတုရှိသည့် နေရာဒေသများတွင် ဖွဲအိတ်အစို၊ စပါးအခွံအစိုတို့နှင့် ဖြူး၍ ဖုံးအုပ်ကာ စိုက်ပျိုးလာကြပါသည်။ မုန်လာဥနီကို (ဇန်နဝါရီလမှဖေဖော်ဝါရီ၊ဇူလိုင်လ) နှင့် (အောက်တိုဘာမှ နိုဝင်ဘာ)လအထိ စိုက်ပျိုးကြပါသည်။ မစိုက်ပျိုးမီ မျိုးစေ့ကို အညှောင့်ပေါက်အား ကောင်းစေရန် (၂၄)နာရီကြာ ရေစိမ်ထားသင့်ပါသည်။ မျိုးစေ့ချပြီးသည်နှင့် ပုံမှန်အားဖြင့်ရေကို (၄-၅)ရက်ကြား တစ်ခါသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး သုံးပတ်ခန့်အကြာတွင် ပေါင်းလိုက်ပေးရကြောင်း ၊ စတင် စိုက်ပျိုးပြီး(၃-၄)လအကြာတွင် နုတ်ယူစားသုံးခြင်း၊ရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ နုတ်ယူခါနီး (၂-၃)ပတ်အတွင်း ရေလုံးဝမသွင်းခြင်း ပြုလုပ်ပါက အချိုဓာတ်နှင့်အရသာ ပိုမိုကောင်းမွန်စေ ပါသည် ။ ကျောက်ဆည်မြို့နယ်အနေဖြင့် မုန်လာဥနီအား အနည်းငယ် စမ်းသပ်စိုက်ပျိုးကြပြီး ၊ အများအားဖြင့် မုန်လာဥနီကို ရွာငံဒေသ၊ ပြင်ဦးလွင်ဒေသများမှ ဝယ်ယူကာ တစ်ဆင့်ရောင်းချ လျက်ရှိပါသည်။ ဈေးအတွင်း ကုန်စိမ်းသည်များမှ ယခင်ပတ်မုန်လာဥနီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်ရှိပြီး ယခုပတ် မုန်လာဥနီ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ပတ်နှင့်စျေးနှုန်းများနှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံးပါဝင်သော ဟင်းသီးဟင်းရွက်ဖြစ်သည့်အပြင် မျက်စိအားကောင်းစေခြင်း၊အသက်ရှူကြပ်ခြင်းကိုသက်သာစေပြီး ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ကောင်းစေသည့်အတွက် မုန်လာဥနီကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)