မြင်းခြံမြို့နယ်၏မတ်ပဲတစ်ဧကကုန်ကျစရိတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်သည် အပူပိုင်းဒေသမိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မတ်ပဲဆောင်းသီးနှံကို(၆၃၀)ဧက စိုက်ပျိုးထားခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း(၁၁)တင်းနှုန်းထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

          မတ်ပဲသီးနှံကို ဆောင်းရာသီဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး၊ မတ်လ၊ ဧပြီလနှင့်မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ(၄)လ အကြာတွင် ရိတ်သိမ်းရကြောင်း၊ ဒေသအနေဖြင့် အများဆုံးစိုက်ပျိုးသောမျိုးမှာ ရေဆင်း-၄ မျိုးဖြစ်ပြီး စိုက်ပျိုးမှုပုံစံမှာ ပက်ကျဲစနစ်နှင့် စိုက်တန်းကျင်းဖော်၍ စိုက်ပျိုးမှုများရှိရာ စိုက်တန်းကျင်းဖော်ပြီး စိုက်ပျိုးမှုများကြကြောင်း၊ တစ်ကျင်းလျှင်(၃-၄)လက်မခြား၍ ကျင်းအနက်တစ်မခန့် တစ်ကျင်းလျှင် မျိုးစေ့နှစ်စေ့ချ၍ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ကုန်ကျမှုအနေဖြင့်(၆-၈)ပြည်ခန့် ကုန်ကျကြောင်း၊ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးလျှင် (၁၀-၁၂)ပြည်ခန့်ကုန်ကျကြောင်း၊ တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်(၆၃၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအရ တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့်(၃၉၃၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ မြို့နယ်အတွင်း စိုက်ပျိုးမှုများသောကျေးရွာများမှာ ခေါင်းကွဲ၊ တလုပ်၊ တောပုနှင့်ဆင်ချောင်းကျေးရွာများဖြစ်ကြောင်း၊ ဒေသတွင်းကျေးရွာများမှ ထွက်ရှိသော မတ်ပဲများကို မြင်းခြံမြို့ရှိ ပွဲရုံများသို့ တင်သွင်းရောင်းချကြကြောင်း၊ ထိုမှတစ်ဆင့် မန္တလေးမြို့နှင့်ရန်ကုန်မြို့ လှိုင်သာယာသို့ တင်ပို့ရောင်းချကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် မြင်းခြံကုန်စည်ဒိုင်တွင် မတ်ပဲထိပ်စ တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ မတ်ပဲ(အလတ်စ) တစ်တင်းလျှင်(၈၀၀၀၀)ကျပ်၊ မတ်ပဲအောက်စတစ်တင်းလျှင် (၅၆၀၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နေ့စဉ်အိတ်အရောင်းအဝယ် (၅၀-၁၀၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်မတ်ပဲဈေးများ ကျဆင်းခဲ့ကြောင်း ပဲကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)