မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၁၂)၊ အမှတ်(၁၃)နှင့် အမှတ် (၁၄)ရပ်ကွက်များတွင် မြန်မာ့သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင်လုပ်ကိုင် လာကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီ ညွတ်ခြင်း၊ စီးရသည့် နေရာမှာ လည်းသက်တောင့် သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည် ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦရေ (၁၀) ဦးမှ (၂၀)ဦးဖြင့်လုပ်ကိုင်လျက်ရှိပါသည်။
မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့် ပြုလုပ်ရပါသည်။ နွား၏ သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံနှင့် ပခုက္ကူခရိုင် ကန်တော်ဒေသတို့မှ ဝယ်ယူရကြောင်း၊ မြန်မာ့သားရေဖိနပ်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို မန္တလေးတိုင်း ဒေသကြီးမှ ဝယ်ယူရကြောင်း၊ မြန်မာ့ညှပ်ဖိနပ်ကို မစီး ကျားစီးများ၊ ကလေးစီး သားရေဖိနပ်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ သားရေဖိနပ်ကို အမျိုး အစားကိုလိုက်၍ ကျားစီးသားရေဖိနပ် တစ်ရံလျှင် ကျပ် (၁၅၀၀၀)၊ မစီး သားရေ ဖိနပ်တစ်ရံလျှင် ကျပ် (၁၃၀၀၀) ကလေးစီး တစ်ရံလျှင် ကျပ်(၁၀၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ သားရေညှပ် ဖိနပ်များအပြင် ကတ္တီပါဖိနပ်များကိုလည်း ပြုလုပ်ရောင်းချလျက်ရှိပါကြောင်း၊ မြန်မာ့ သားရေညှပ် ဖိနပ်သည် မြန်မာလူမျိုးများအတွက် နွေ၊ မိုး၊ ဆောင်း ရာသီသုံးပါးအတွက် မရှိမဖြစ် လိုအပ်သလို အလှူ၊ မင်္ဂလာပွဲများတွင်လည်း ပွဲတက် ဖိနပ်အဖြစ်အစီးများသောဖိနပ်ဖြစ်ကြောင်း၊ မြန့်မာ့သားရေ ညှပ်ဖိနပ်များကို မြန်မာပြည် အောက်ပိုင်း၊ အထက်မြန်မာပြည်များသို့ဖြန့် ဖြူးရောင်းချလျက်ရှိကြောင်း ဖိနပ်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)