
မိတ္ထီလာဈေးကွက်တွင် ဇူလိုင်လလယ်၌ ကြက်သွန်နီဈေးငြိမ်နေကြောင်း သိရပါသည်။ ယခုနှစ် ကြက်သွန်နီဈေးကွက်မှာ ဆောင်းကြက်သွန်နီပေါ်ချိန်မှစ၍ ကြက်သွန်နီဈေးအေးခဲ့ရာ တစ်ပိဿာလျှင် ၁၃၀၀/ကျပ်၊ ဝန်းကျင်သာရှိသဖြင့် တောင်သူများက ကြိုက်ဈေးမရသည့်အတွက်သိုလှောင်ခဲ့ရာ ယခုကာလတွင် သိုလှောင်ချိန်ကြာမြင့်ခြင်း၊ မိုးများခြင်းတို့ကြောင့် သီးနှံမှာ အလေအလွင့်များလာသည့်အတွက် အနည်းငယ်ညံ့သည့်ကြက်သွန်နီများကိုရွေးဆယ်၍ ဈေးကွက်သို့ပေါက်ဈေးဖြင့်ရောင်းချလာ ကြောင်းသိရပါသည်။ လက်ရှိတောင်သူထံမှဝယ်ဈေးမှာ တစ်ပိဿာလျှင်၁၀၀၀/ကျပ်ဝန်းကျင်ရှိပြီး မိတ္ထီလာ၊ မလှိုင်ဈေးကွက်မှတဆင့် ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ တာချီလိတ်မြို့များသို့ ပြည်တွင်းဈေး ကွက်အနေဖြင့် ပုံမှန်တင်ပို့ကာ ဘာအံ၊ မိုင်းလားမြို့များသို့ ပြည်ပဈေးကွက်အနေဖြင့် တင်ပို့လေ့ရှိပါသည်။
ဇူလိုင်လ စတုတ္ထပတ်အတွင်း ရန်ကုန်၊ ပဲခူး၊ တာချီလိတ်မြို့များသို့ ကုန်တင်ကားများဖြင့် အခြားကုန်စည်များနှင့် ရောနှောတင်ပို့ပြီး (၁၂)ဘီးကားဖြင့် တစ်ပတ်အတွင်း မိုင်းလားသို့ (၂)စီး၊ ဘာအံသို့(၃)စီး တင်ပို့နိုင်ကြောင်း ကြက်သွန်နီတင်ပို့ရောင်းချသူများထံမှ သိရပါသည်။ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် မိတ္ထီလာမှ ရန်ကုန်၊ ပဲခူး သို့ ၂၀၀/ကျပ်၊ တာချီလိတ်သို့ ၈၀၀/ကျပ်၊ တောင်ကြီးသို့ ၁၅၀/ကျပ်၊ ဘာအံသို့၃၇၀/ကျပ်၊ မိုင်းလားသို့ ၈၀၀/ကျပ် ဈေးရှိကြောင်းသိရပါသည်။
ဈေးနှုန်းအနေဖြင့် ကြက်သွန်နီလက်ကားဈေး တစ်ပိဿလျှင် ၉၀၀-၁၀၀၀ ကျပ် ဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၁၂၀၀-၁၅၀၀ ကျပ်ဈေးရှိကြောင်းဈေးကွက်မှစုံစမ်း သိရှိရပါသည်။
DOCA(မန္တလေး)