ကန့်ဘလူမြို့နယ်၌ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် မိုးစပါးများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးစပါးများကို ရာသီချိန်အမှီ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်ရေ၊ မြောင်းရေများနှင့် သဘာဝမိုးရေကို အသုံးပြု၍ စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် စိုက်ဧက (၁)သိန်းကျော် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် စုစုပေါင်း (၁၀)သိန်းကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ စနစ်တကျ ရှိစေရေးနှင့် ပိုးမွှားန္တရာယ် ကင်းဝေးစေရေးတို့အတွက် ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးခြင်းအပြင် အခြားသီးထပ်၊ သီးညှပ်သီးနှံများကိုလည်း ရာသီအလိုက် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုးမှုများ အချိန်မီပြီးစီးရေးအတွက်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)