
စားအုန်းဆီ အဓိကတင်ပို့ရာ စျေးကွက်များတွင် ပွဲတော်ရာသီဝယ်လိုအား ကောင်းမွန်မှု ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်လာမည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က မျှော်လင့်လျက်ရှိကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့တွင် ဖော်ပြထားပါသည်။
စားအုန်းဆီ၏ စျေးနှုန်းအရ ဆွဲဆောင်မှုနှင့် စားသုံးဆီကြမ်းများအတွက် သွင်းကုန်အခွန် နိမ့်ကျခြင်းတို့အရ အထူးသဖြင့် ပွဲတော်ရာသီအတွက် စားအုန်းဆီ သိုလှောင်မှုလက်ကျန်ပမာဏ ကို ဖြည့်တင်းရန် လိုအပ်နေသည့် အိန္ဒိယမှ ဝယ်လိုအားကောင်းမှုကို ဖြစ်စေသည်ဟု MPOB မှ ညွှန်ကြားရေးမှူးချုပ် Mr. Datuk Dr Ahmad Parveez Ghulam Kadir က မလေးရှား Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း မလေးရှားနိုင်ငံမှ စားအုန်းဆီနှင့် ဆီအုန်းအခြေခံ ထုတ်ကုန်များ တင်ပို့မှုသည် တန်ချိန် ၁၁ ဒသမ ၃၉ သန်းသာရှိသည့်အတွက် ယခင်နှစ် ကာလတူ တင်ပို့မှုအောက် ၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း MPOB ၏ ကိန်းဂဏန်းများအရ သိရ သည်။ အိန္ဒိယ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်နှင့် အီဂျစ်နိုင်ငံတို့၌ စားအုန်းဆီ ဝယ်လိုအား နည်းပါးလာခြင်းကြောင့် မလေးရှား စားအုန်းဆီ တင်ပို့မှုသည် ယခုနှစ် နှစ်ဝက်ကာလအတွင်း တန် ချိန် ၆ ဒသမ ၉၅ သန်းသာရှိပြီး ၂၀၂၄ ခုနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း ကျဆင်းမှု ရှိခဲ့သည်။ သို့သော် ဖိလစ်ပိုင်၊ အီရန်၊ ကင်ညာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့ တင်ပို့မှုပမာဏမှာ တိုးတက်မှုရရှိခဲ့ပါသည်။
ယခုနှစ်တွင် ပို့ကုန်ပမာဏတန်ချိန် ကျဆင်းသွားသော်လည်း မလေးရှားနိုင်ငံ၏ စားအုန်း ဆီနှင့် ဆီအုန်းအခြေခံထုတ်ကုန် တင်ပို့မှုမှရရှိသည့် ပို့ကုန်၀င်ငွေမှာ ရင်းဂစ် ၅၃.၄၃ ဘီလီယံအထိ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၉.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် စားအုန်းဆီ တင်ပို့မှုတန်ဖိုး ရင်းဂစ် ၃၄ ဘီလီယံနီးပါးရှိခဲ့ကြောင်း Mr. Ahmad Parveez က ပြောကြားခဲ့သည်။
မလေးရှား၏ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် စားအုန်းဆီတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် တင်ပို့ခဲ့သည့် တန်ချိန် ၁၆ ဒသမ ၉ သန်း အောက်သို့ ၅ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းနိုင်မည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယဈေးကွက်တွင် အစားအသောက်ဝန်ဆောင်မှုများ၊ အိမ်သုံးပစ္စည်းနှင့် အစားအစာ ထုတ်လုပ်ရေးကဏ္ဍတို့တွင် ဝယ်လိုအားသည် အထူးအားကောင်းလျက်ရှိကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုအချို့ရှိနေပြီး ၎င်းတို့အနက် အိန္ဒိယ၏ သွင်းကုန်အခွန်မူဝါဒသည်လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း အထူးသဖြင့် သွင်းကုန်အခွန်များကို မကြာခဏပြုပြင်ပြောင်းလဲ သတ်မှတ်ခြင်းဖြစ် ပါကြောင်း၊ မကြာသေးမီက စားအုန်းဆီကြမ်းအပေါ် ၂၇.၅ ရာခိုင်နှုန်းနှင့် သန့်စင်ပြီးစားအုန်းဆီ အပေါ် ၃၅.၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ထိရောက်သော အခွန်အခများ သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းက စားအုန်းဆီ၏ သဘာဝအရ ဈေးနှုန်းအားသာချက်ကို ပဲပုပ်ဆီနှင့် နေကြာ ဆီကဲ့သို့သော အဆင့်မြင့်စားသုံးဆီများနှင့်နှိုင်းယှဉ်ရာတွင် ကွာဟမှုနည်းပါးသွားစေကြောင်း Mr. Ahmad Parveez က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ စားသုံးဆီများနှင့် စားအုန်းဆီဆိုင်ရာ အမျိုးသားမစ်ရှင်အဖွဲ့လက်အောက်၌ ပြည်တွင်း ဆီထွက်သီးနှံများ ထုတ်လုပ်မှု အားကောင်းလာစေရန် ရည်ရွယ်၍ဖော်ဆောင်သော အိန္ဒိယနိုင်ငံ၏ မူဝါဒရည်မှန်းချက်ကို မလေးရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုသော်လည်း ထိုသို့သော ဆောင်ရွက်မှုများသည် စားအုန်းဆီတင်သွင်းမှု ကုန်ကျစရိတ်ကို တိုးမြင့်လာစေပြီး ကြိုတင် ခန့်မှန်းနိုင်မှုနည်းပါးစေကြောင်း Mr. Ahmad Parveez က ဆိုသည်။
ကမ္ဘာ့ပဲပုပ်ဆီ အများအပြား ထုတ်လုပ်မှုနှင့်အတူ စားအုန်းဆီ၏ ပရီမီယံအဆင့် စျေးနှုန်း မြင့်မားမှုအရ ၂၀၂၃ ခုနှစ်၌ အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုများတွင် စားအုန်းဆီပါဝင်မှု သည် ၅၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄၆ ရာခိုင်နှုန်းသို့ ကျဆင်းစေခဲ့ကြောင်း၊ သို့သော် ယခုနှစ် ပထမနှစ်ဝက်၌ အိန္ဒိယစားအုန်းဆီတင်သွင်းမှုတွင် မလေးရှား၏ ပါဝင်မှုသည် ၃၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသာရှိခဲ့ကြောင်းဖြင့် မလေးရှားစားအုန်းဆီကောင်စီ အမှုဆောင်အရာရှိချုပ် Ms. Belvinder Sron က ဇူလိုင်လ တတိယရက်သတ္တပတ်အတွင်း နယူးဒေလီမြို့၌ ကျင်းပခဲ့သော စားသုံးဆီလုပ်ငန်းဆိုင်ရာ ညီလာခံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
Source: The Edge Malaysia, 28 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)