ကမ္ဘာ့ဆန်ဈေးကွက်၌ အိန္ဒိယ၏ ဈေးကွက်ဝေစု ထိုင်းထံသို့ လက်လွှတ်ဆုံးရှုံးနေ

Powered by Drupal

      ယခင်က ထိုင်းဆန်၏ဈေးနှုန်းသည် အိန္ဒိယဆန်ဈေးနှုန်းထက် တစ်တန်လျှင် အနည်းဆုံး ဒေါ်လာ ၃၀ မှ ၄၀ အထိ လျော့နည်းလေ့ရှိခဲ့သော်လည်း ယခုအခါ တစ်တန်လျှင် ဒေါ်လာ ၃၆၀ -၃၇၅ ခန့်ဖြင့် အိန္ဒိယဆန်နှင့် ဈေးနှုန်းတူညီသည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် အချို့သော ဆန်ဝယ်ယူလိုသည့်နိုင်ငံများသည် အခြားနိုင်ငံများသို့ ပြောင်းလဲဝယ်ယူလာကြောင်း အိန္ဒိယနိုင်ငံ Chhattisgarh ပြည်နယ်အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင် Himanshu Agarwal က CNBC-TV18 သို့ပြောကြားခဲ့ပါသည်။

      အချို့သောဆန်များ တင်ပို့မှုကို ၂ နှစ်ကြာခန့် တားမြစ်ကန့်သတ်ခဲ့ပြီးနောက် ကမ္ဘာ့ ဈေးကွက်သို့ အိန္ဒိယဆန်များ တစ်ဖန်ပြန်လည်ဝင်ရောက်လာမှုသည် ကမ္ဘာ့ဆန်ဈေးနှုန်းများအား သိသာစွာကျဆင်းခြင်းကို ဖြစ်စေကြောင်း၊ အကျိုးရလဒ်အဖြစ် ထိုင်းနိုင်ငံတွင် စံပြုဈေးနှုန်းများ သည် ဇူလိုင်လအစောပိုင်းတွင် အနည်းငယ်ပြန်လည်ကောင်းမွန်လာမှု မတိုင်မီ၌ ၈ နှစ်တာ ကာလ အတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်း၊ အမေရိကန်၏ စပါးကြိုတင်အရောင်းဈေးနှုန်းသည် ယခင် ရက်သတ္တပတ်၌ ၂.၅ ရာခိုင်နှုန်းပြန်လည် တိုးတက်ခဲ့သော်လည်း လွန်ခဲ့သော ၁ နှစ်တာအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းမည့် အခြေအနေတွင်ရှိကြောင်း၊ ကုန်သည်များအနေဖြင့် ဈေးကွက်သ‌ဘော တရားကို လွှမ်းမိုးသော အဓိကအကြောင်းအရာများဖြစ်သည့် ပိုလျှံထုတ်လုပ်မှုနှင့် မူဝါဒထိန်းညှိမှု များကို ဝေဖန်ထောက်ပြကြကြောင်း သိရှိရပါသည်။

          အိန္ဒိယအစိုးရ၏ သိုလှောင်ရုံများတွင် ယခုအခါ စပါးနှင့်ဆန် စုစုပေါင်း တန်ချိန် ၅၅.၆၆ သန်းအထိ သိုလှောင်ထားရှိရာ လျာထားသည့် တန်ချိန် ၁၃.၅ သန်းထက် ၄ ဆ မြင့်မားလျက်ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ သိုလှောင်ခဲ့မှုထက် ၁၅ ရာခိုင်နှုန်း ပိုမိုလျက်ရှိပါသည်။

      သီးနှံများ ပိုမိုရိတ်သိမ်းထွက်ရှိခြင်း၊ အခြေခံ အထောက်အပံ့ပြု ရည်ညွှန်းဈေးနှုန်းဖြင့် အစိုးရ၏ ဝယ်ယူ‌ရေးဆောင်ရွက်မှု များပြားလာခြင်းတို့အရ ထိုကဲ့သို့ သိုလှောင်မှုပမာဏ မြင့်တက် လာခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ယခုသိုလှောင်ထားသည့် ဆန်များအား ပြည်ပဈေးကွက် တင်ပို့နိုင်ရေး ပိုမိုကောင်းမွန်သည့် လမ်းကြောင်းသစ်များကို ရှာဖွေသင့်ကြောင်း Mr. Agarwal က ပြောကြားထားပါသည်။

     အိန္ဒိယအစိုးရသည် ဇီဝလောင်စာမူဝါဒနှင့်အညီ ယခုနှစ်တွင် အီသနောထုတ်လုပ်ရာ၌ ဆန် တန်ချိန် ၅.၂ သန်း အသုံးပြုရန် ခွဲဝေလျာထားကြောင်း၊ ပိုလျှံနေသည့် သိုလှောင်မှုကို စီမံခန့်ခွဲခြင်း နှင့် ဆန်စပါးကဏ္ဍအတွက် အခြားဝင်ငွေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်းတို့တွင် အထောက် အပံ့ဖြစ်စေရန် ဆန်ကွဲပါဝင်မှု ၁၀ ရာခိုင်နှုန်းရှိသည့် ဆန်များကိုလည်း ပုဂ္ဂလိက ဝယ်လက်များထံ ထပ်ဆောင်းရောင်းချထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

    အိန္ဒိယပြည်တွင်း၌ ၂၀၂၅ မိုးသီးနှံရာသီအတွက် စပါးစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၇.၆၇ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ၁၂.၄ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း၊ အစိုးရ၏  အထောက်အပံ့ပေးမည့် မူဝါဒ‌များသည် လယ်သမားများအတွက် စိုက်ဧကများစွာတိုးချဲ့စေရန် တွန်းအားပေးလျက်ရှိပြီး နိုင်ငံစားနပ်ရိက္ခာ ဖူလုံမှုမြင့်တက်စေကြောင်း သိရှိရပါသည်။

Source: CNBC TV 18, 28 July 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)