အမေရိကန်နှင့် ရေနံချက်စက်ရုံလုပ်ငန်း ဖက်စပ်ရင်းနှီးမြှုပ်နှံရန် အင်ဒိုနီးရှား စီစဉ်

Powered by Drupal

      နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရေနံသန့်စင်ချက်လုပ်သည့် စက်ရုံတစ်ရုံကို တည်ဆောက်ရာတွင် အင်ဒိုနီးရှား အစိုးရအနေဖြင့် အမေရိကန်နိုင်ငံနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု အင်ဒိုနီးရှား ရင်းနှီး မြှုပ်နှံမှုရေးရာဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေး ကြီးကြပ်မှုအဖွဲ့၏ အကြီးအကဲ ဖြစ်သူ Rosan Perkasa Roeslani က ဇူလိုင် ၂၉ ရက်နေ့တွင် YouTube အင်တာနက်စာမျက်နှာမှ တစ်ဆင့် ထုတ်လွှင့်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အမေရိကန်ထံမှ ရေနံစိမ်းများ တင်သွင်းမှုသည် နှစ်နိုင်ငံ ညှိနှိုင်းထားရှိသော အပြန်အလှန် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်၏ အဓိကအရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင် လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အမေရိကန်ထံမှ တင်သွင်းလာမည့် သီးသန့်ရေနံစိမ်း အမျိုးအစားကို သန့်စင်ချက်လုပ်ရန်အတွက် ရေနံချက်စက်ရုံ အသစ်တစ်ခုကို တည်ထောင်ရန် လိုအပ်လာ ကြောင်း၊ ဤကိစ္စရပ်သည် စီးပွားရေးလုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံအပေါ် ဝန်ထုပ် ဝန်ပိုးတစ်ခု ဖြစ်စေလိမ့်မည် မဟုတ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နှင့် ပတ်သက်၍ နည်းပညာ ရပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းသည့် အဆင့်၌သာ ရှိ‌နေဆဲဖြစ်ပြီး အင်ဒိုနီးရှား၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအားလုံးနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း စသည်ဖြင့် Mr. Rosan က ပြောဆိုခဲ့သည်။

   လက်ရှိကာလတွင် အင်ဒိုနီးရှားသည် နိုင်ဂျီးရီးယားနှင့် ဆော်ဒီအာရေဗျတို့ထံမှ ရေနံစိမ်း များကို အဓိကရယူ တင်သွင်းလျက်ရှိသည်။ အကယ်၍ ယခုရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်အရ အကောင်အထည်ဖော် ဆောင်ရွက်ပါက ရေနံစိမ်းများ အဓိကတင်သွင်းရာ အရင်းအမြစ်သည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်။

    အင်ဒိုနီးရှားနှင့် အမေရိကန် နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် မူဘောင်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် အမေရိကန်သမ္မတအိမ်ဖြူတော်၌ ပူးတွဲကြေညာချက် ထုတ်ပြန်၍ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသဘောတူညီချက်တွင် အင်ဒိုနီးရှားအနေဖြင့် အမေရိကန်ထံမှ တင်သွင်းလျက်ရှိသော စက်မှုထုတ်ကုန်နှင့် လယ်ယာထွက်ကုန်များ၏ ၉၉ ရာခိုင်နှုန်းခန့်ကို အကောက်ခွန်လျှော့ချစည်းကြပ်ရန် ကတိပြုထားသည်။ အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အင်တာနက်ဝက်ဘ်ဆိုက်၌ ဇူလိုင် ၂၃ ရက်နေ့တွင် တရားဝင်ရေးသားဖော်ပြချက် အရ အင်ဒိုနီးရှားနိုင်ငံ ပင်ရင်းဒေသထုတ်ကုန်များ တင်သွင်းမှုအပေါ် စည်းကြပ်မည့် အပြန်အလှန် အကောက်ခွန်နှုန်းထားကို ၁၉ ရာခိုင်နှုန်းသို့ လျှော့ချမည်ဟု သိရှိရသည်။

    အဆိုပါ သဘောတူညီချက်တွင် အမေရိကန်ထုတ်ကုန်များအပေါ် အကောက်ခွန် မဟုတ် သော အတားအဆီးများဖယ်ရှားရေးနှင့် ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့၊ ရေနံစိမ်းနှင့် လောင်စာဆီများ အပါအဝင် စွမ်းအင်ထုတ်ကုန်များကို တင်သွင်း‌ရန်အချက်လည်း ပါဝင်ကြောင်း အင်ဒိုနီးရှား Tempo.Co သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: Tempo.Co, 30 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)