
Rambutan ဟုအမည်ရှိသော ကြက်မောက်သီးပင်သည် Sapindaceae မျိုးနွယ်ပင်ဖြစ်ပြီး အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်း၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။အပင်၏ ပုံစံက Christmas သစ်ပင်နှင့်ဆင်တူပြီး အရွက်အညာမှ အပြွတ်လိုက်၊အခိုင်လိုက်အသီးသီးလေ့ရှိသည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာမှာ အတန်ငယ်လုံးဝန်းသော ကြက်ဥပုံဖြစ်၍ အမွှေးရှည်လေးများ ဖုံးအုပ်ထားသော ကြက်မောက်သီးအခွံသည် ရင်မှည့်ပါက အနီရောင်ရှိပါသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို သရေစာအဖြစ်သာ အစားများလေ့ရှိသည်။ကြက်မောက်သီးယို၊သီးစုံဒိုဖိနို၊သံဘူး စသည်ဖြင့်လည်း စားသုံးနိုင်သည်။ မြန်မာပြည်ရေမြေရာသီဥတုပေါ်မူတည်၍ ကြက်မောက်ပင်သည် စိုက်ပျိုးပြီးနောက်ခြောက်နှစ်ခန့်အကြာ အသီးစတင်သီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်လျားပြီး တစ်နှစ်ထက်တစ်နှစ် အသီးပိုသီးလေ့ရှိသည်။အများအားဖြင့် အသီးထွက်ရှိချိန်မှာ မေနှင့်ဇွန်လတို့ ဖြစ်သည်။ကြက်မောက်သီးမျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရရှိနိုင်မှုပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကြွပ်ကပ်နှင့်အစေ့မကပ်မျိုးဟူ၍ ခွဲခြားထားပါသည်။ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလို မိုးရာသီတွင်သာရရှိနိုင်သည့် ဆေးဖက်ဝင်ကြက်မောက်သီးများကို ကျန်းမာရေးလိုက်စားသူတိုင်း ဝယ်ယူ စားသောက်ကြပါသည်။
ကြက်မောက်သီးမှာ ကာဗိုဟိုက်ဒရီတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ Thiamine( ဗီတာမင် B1) ၊ Riboflavin ( ဗီတာမင် B2)၊ Niacin ( ဗီတာမင် B3)၊( ဗီတာမင် B6)၊ ဗီတာမင် C၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဇင့် စတဲ့အာဟာရဓာတ် တွေပါဝင် တာကြောင့် ကြက်မောက်သီး ကို စားသုံးခြင်းအားဖြင့် ကိုယ်ခံအား ကောင်းစေခြင်း၊ နှလုံးကျန်းမာခြင်း၊ ကြွက်တက်တာ သက်သာစေခြင်း၊ ဝမ်းချုပ်တာသက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်တာ(UTI) ကို သက်သာစေခြင်း၊ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ် ပေးခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်မောက်သီးမှည့် သည် စပျစ်သီးထက်အရည်ရွမ်းပြီး လိုက်ချီးသီးအရသာ နှင့်လည်း ဆင်ဆင်တူသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား ပတ်ဝန်ကျင်တစ်ဝိုက်တွင် ကြက်မောက်ပင်ကိုခြံမြေများတွင် လည်းကောင်း၊ အိမ်ခြံဝန်းများအတွင်း စိုက်ပျိုးလေ့ရှိပြီး ကြက်မောက်သီးပေါ်ချိန်မှာ ဇွန်လ တတိယပတ်တွင် စတင်ထွက်လေ့ရှိပြီး ဇူလိုင်လအတွင်း လှိုင်လှိုင်ပေါ်၍ ဩဂုတ်လတွင် ထွက်ရှိမှု နည်းပါးလေ့ရှိပါသည်။ယခုဇူလိုင်လတွင် မြစ်ကြီးနား ကြက်မောက်သီး လှိုင်လှိုင်ထွက်ပေါ်နေပြီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုနှစ်တွင် ရာသီးဥတုအပူချိန်ကြောင့် ယခင်နှစ်ထက် အထွက်နှုန်းလျော့နည်းနေသော်လည်း ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိကြောင်း ကြက်မောက်သီး စိုက်ပျိုးသူတစ်ဦးက ပြောပြပါသည်။မြစ်ကြီးနားကြက်မောက်သီးကို သီးနှံဝယ်ယူသူများ အနေဖြင့် အပင်ပြတ်ဝယ်ယူကြပြီး အပင်ရှိအသီးအရေအတွက်ပေါ်မူတည်၍ အစေ့ကြွပ်ကပ်မျိုးကို ၁၅၀၀၀၀ိ/- ကျပ်မှ ၂၀၀၀၀၀ိ/- ကျပ် အထိ၊ အစေ့မကပ်မျိုးကို ၂၅၀၀၀၀ိ/- ကျပ်မှ ၃၀၀၀၀၀ိ/-ကျပ် အထိဖြင့်ရောင်းအဝယ်ဖြစ်နေကြောင်းနှင့်လက်လီဈေးကွက်တွင် အလုံး ၅၀ ပါ အတွဲတစ်ခုလျှင် အစေ့ကြွပ်ကပ် မျိုးကို ၄၀၀၀ိ/- ကျပ်၊ အစေ့မကပ်မျိုး ၅၀၀၀ိ/- ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်မောက်သီး ကုန်သည်ထံမှ သိရပါသည်။လက်လီရောင်းချရာတွင် ကြက်မောက်သီး အလုံး ၅၀ ပါ တစ်တွဲ ၅၅၀၀ိ/- ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်းနှင့်ဒေသတွင်ဈေးများ၊ သစ်သီးဆိုင်များ တွင် လက်လီ ရောင်းချလျက်ရှိသကဲ့သို့ ယခင်က မန္တလေးဈေးကွက်ထံသို့ တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့နိုင်ခြင်း မရှိကြောင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်းမြို့ တို့ တင်ပို့နေကြောင်း သိရပါသည်။
ဒေသခံစိုက်ပျိုးရေးလုပ်ငန်းဖြင့်သော အသက်မွေးလမ်းကြောင်း ပြုလုပ်သူများအနေဖြင့် ဒေသထွက်ကုန်ဖြစ်သည့် ဝယ်လိုအားကောင်းပြီး ဝင်ငွေများများရနိုင်သည့် ကြက်မောက်ပင်များကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း တင်ပြလိုက်သည်။
DOCA( ကချင်)