
တယူဇနာပန်းကို တောင်ကြီးသနပ်ခါးပန်းဟုလည်း ခေါ်ကြသည်။ အဖြူနှင့် အဝါ နှစ်မျိုးရှိသည်။ တယူဇနာမွှေးပန်းပင်သည် ရေကြိုက်ပင်ဖြစ်ပြီး အရိပ်မှာစိုက်ရသည်။ လေသင့်တိုင်းမွှေးသောပန်းမို့ ရနံ့လေးရှုလိုက်ရင်ဖြင့် တနေ့တာ ဘဝအမောတွေပြေစေတဲ့ ပန်းကလေး ဖြစ်ပါသည်။ တယူဇနာမွှေးပန်းပင်ကလေးများသည် မိုးများပြီး အေးသောအရပ်ဒေသတွင် ဖြစ်ထွန်းပြီး မိုးကုတ်၊ ပြင်ဦးလွင် ဒေသတွင် အများဆုံးတွေ့နိုင်သည်။ ဒီပန်းကလေးရဲ့ အမည်ကလည်း အမည်နဲ့လိုက်အောင် တယူဇနာအကွာ အဝေးထမွှေးပျံ့လွန်းနိုင်သည် ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ပန်ဆင်ခြင်း သိပ်မရှိပေမယ့် အပင်ပေါ်တွင်ပင် ပန်းပွင့်လေးများက သနပ်ခါးပန်းခိုင်လေးသဖွယ် ရိုးတံကြားမှ ထိုးထွက်ပွင့်တက်ပါသည်။ တယူဇနာပန်းရနံ့သည်လည်း စပယ်ပန်း၊ ဇီဇဝါပန်း၊ ယုဇနာပန်း၊ တတိုင်းမွှေး၊ သနပ်ခါးပန်းများ ကဲ့သို့ သင်းပျံ့သည့် ရနံ့ဖြင့် လူတွေ၏ စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။ အခြားပန်းများကဲ့သို့ တယူဇနာမွှေး ပန်းကလှပမှုကို မဖော်ကျူးနိုင်ပေမယ့် ပန်း၏ရနံ့ကလည်း လူတိုင်းကို နှစ်သက်စေပါသည်။ တယူဇနာပန်းတစ်ခက်ကို ဆံကေသာမှာ ထိုးထားလျှင် လမ်းတလျှောက် အားလုံးကို မွှေးပျံ့စေပါသည်။ အပူပိုင်းဒေသတွင် ဖြစ်ထွန်းမှုနည်းသောကြောင့် အေးသောအရပ်ဒေသများတွင် အရောင်းအဝယ် ဖြစ်ပါသည်။ ကိုင်းချိုးစိုက်ပျိုးပါကလည်း ရှင်သန်နိုင်ပါသည်။ အခြားသော ပန်းများကဲ့သို့ တယူဇနာပန်းပင်ကလေးများကလည်း စိုက်ပျိုးထားသင့်ပါသည်။ တယူဇနာပန်းပျိုးပင် တစ်ပင်လျှင် (၈၀၀၀/၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)