
စပယ်ပန်းရနံ့က စိတ်ကိုကြည်လင်အေးမြစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စပယ်ပန်း၏ အဓိပ္ပါယ်သည် “ချစ်ခြင်းမေတ္တာ” ကို ကိုယ်စားပြုပါသည်။ ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ကံကောင်းစေရန် တောင်းဆုပြုရန် စပယ်ပန်းကို ရွေးချယ်ကြသည်။ စပယ်ပန်းၑ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိ်န်တဲ့ ရနံ့၊ လှပတဲ့ပန်းပွင့်ပုံစံ တွေကြောင့် “JASMINE “ ဘုရားသခင်ထံမှ လက်ဆောင် ဟု အဓိပ္ပာယ်ရပါသည်။အဖြူစင်ဆုံးပန်းစပယ်ကုံးလေးတွေရဲ့ ရနံ့က မွှေးပြန့်သင်းကြိုင် လှပါသည်။ ပန်းလေးတွေက အလွန်လှပ တင့်တယ်လှပေသည်။ အဖြူရောင်အဆင်းရှိပြီး ရနံ့မွှေး၍ ဂုဏ်သတင်းကြီးသော ပန်းမျိုးဖြစ်ပါသည်။ စပယ်ကြက်ရုံး၊ စပယ်အိုးပုတ်၊ အပွင်းကြီး ဘိတ်စပယ် ဟူ၍ ရှိပါသည်။ စပယ်ပန်းသည် တန်ခူးလလောက်ကတည်းက ပန်းစပွင့် တတ်ပြီး (၂)ပြန်(၃)ပြန် ပွင့်သောကြောင့် ယခုအချိန်ထိ ဈေးကွက်ရှိဆဲ ဖြစ်ပါသည်။ စပယ်ပန်းကလေးများကို သီကုံး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများ ဖြစ်ပါသည်။ ဘုရားလှူရန်နှင့် အမျိုးသမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက် အရောင်းသွက်လှပါသည်။ စပယ်ပန်းပင်သည် တစ်ခါစိုက်ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံ အပင်တစ်မျိုးဖြစ်သည်။ မိမိအိမ်ခြံဝန်းအတွင်း ပန်းအိုးနှင့် စိုက်ပျိုးကြသလို စီးပွားဖြစ် ခြံနှင့် စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ခေတ်နှင့်အညီ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းချမှုများလည်း ရှိလာပါသည်။ စပယ်ပန်းပျိုးပင်တစ်ပင်လျှင် (၁၀၀၀/၂၀၀၀/၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)