ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၄.၉ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏ အားဖြင့် ၇.၆ ရာခိုင်နှုန်း တိုးလာသော်လည်း တန်ဖိုးအားဖြင့် ၁၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ ပျမ်းမျှ ဆန် ပို့ကုန်စျေးနှုန်းသည် တစ်နှစ်လျှင် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၇ ဒသမ ၅ နှုန်းသို့ ရောက်ရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်၏ စုစုပေါင်း ဆန်တင်ပို့မှု ပမာဏအနက် ၄၃.၄ ရာခိုင်နှုန်း ပါဝင်လျက် ထိပ်တန်းဆန်ဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေခဲ့သော်လည်း ဆန်တင်ပို့မှု တန်ဖိုးမှာ ၁၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့သော် အိုင်ဗရီကို့နှင့် ဂါနာသို့ ဗီယက်နမ်၏ ဆန် တင်ပို့မှုမှာ ၈၈ ဒသမ ၆ နှင့် ၆၁ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။ ဗီယက်နမ်၏ အကြီးဆုံး ဆန်ပို့ကုန်ဈေးကွက် ၁၅ ခုအနက် ဘင်္ဂလားဒေ့ရှ်သည် သိသိသာသာ တိုးတက်မှုရှိခဲ့ပြီး ၂၉၃ ဆခန့် တိုးမြင့်လာကြောင်းနှင့် မလေးရှားသို့ တင်ပို့မှုမှာ အဆိုးရွားဆုံး ကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၅၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရပါသည်။
ပြည်တွင်း၌ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဆန်ဈေးသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မြင့်တက်ခဲ့သည်။ Cần Thơ ဒေသ၌ IR50404 စပါးအခြောက် တစ်ကီလိုဂရမ်လျှင် ဒေါင်ငွေ ၇၉၀၀ နှုန်း၊ စံပယ်ဆန်အမျိုးအစား စပါး တစ်ကီလိုဂရမ်လျှင် ဒေါင်ငွေ ၈၄၀၀ နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး ST25 စပါးမှာ တစ်ကီလိုဂရမ်လျှင် ၉၅၀၀ ဒေါင်ဖြင့် ဈေးနှုန်းတည်ငြိမ်နေခဲ့ပါ သည်။ An Giang ဒေသတွင်လည်း စပါးအသစ်ဈေးနှုန်းများမှာ မြင့်တက်ခဲ့ပြီး အမျိုးအစားအပေါ် မူတည်၍ လက်လီဈေး ဒေါင်ငွေ ၁၄၅၀၀ မှ ၂၂၀၀၀ ကြား ရှိကြောင်း သိရပါသည်။
ပြည်ပသို့ ဆန်တင်ပို့မှုတွင် ဇူလိုင် ၃ ရက်နေ့၌ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သောဆန် တစ်တန်လျှင် ၃၈၂ အမေရိကန်ဒေါ်လာနှုန်းရှိပြီး ယခင်ရက်သတ္တပတ်၌ အမေရိကန်ဒေါ်လာ ၃၈၃ နှုန်းရှိရာမှ အနည်းငယ်ကျဆင်းခဲ့ဖြင်းဖြစ်ကြောင်း ဗီယက်နမ် စားသောက်ကုန်လုပ်ငန်းအသင်းက ဖော်ပြထားပါသည်။
Source: Vietnam News, 7 July 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)