
အဝါရောင်သည် ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်ရဲ့ နေရောင်ခြည်ကို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါသည်။ အကောင်းမြင်ခြင်းနှင့် စိတ်ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်ပါသည်။ အဝါရောင်သည် လင်းလွန်းသောကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။ ငုဝါပန်းများကလည်း အဝါရောင်ဆွဲလွဲအခိုင်လိုက်တွေ တစ်ပင်လုံးအူနေအောင် ပွင့်တတ်သည်။ သင်္ကြန်မိုးကလေးပြီးကတည်းက ပွင့်လန်းခဲ့သည့် စိန်ပန်းနီ၊ စိန်ပန်းပြာတွေ၊ ငုဝါပန်းတွေ၊ ငုစပ်ပန်းတွေက ယခုလိုကျောင်းဖွင့် ရာသီအချိန်ကာလတွင် တချို့ပန်းခိုင်က ကြွေကျမြေမှာ ကြဲပြန့်နေပြီး နောက်တစ်ပြန်ပွင့်တဲ့ စိန်ပန်းနီတွေကတော့ ပွင့်လျှက်ကျန်နေပါသည်။ ငုဝါပန်းက နွေရာသီရဲ့ ရာသီပန်းဖြစ်သည်။ ထင်သာမြင်သာအောင် ပွင့်သောကြောင့် လမ်းဘေးဝဲယာ၊ ကျောင်းကန်ဘုရား၊ ခြံဝန်း၊ပန်းခြံ စသည်ဖြင့် အရိပ်ရအလှပင် အဖြစ် စိုက်ပျိုးကြသည်။ ငုဝါပန်းများကို ဘုရားကျောင်းအိမ်တွင် ချိတ်ဆွဲထားက ပျော်ရွှင်ခြင်းနှင့် ကံကောင်းခြင်းတွေကို သယ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကို ကံကောင်းခြင်းများစွာနှင့် ကြိုဆိုကာ ပွင့်လန်းသောပန်းများဖြစ်သ◌ည်။ ငုဝါပန်းပွင့်များကို မြင်ရသူအဖို့ ရင်ဝယ်နွေးထွေးမှုကို ရစေပါသည်။ ငုဝါအသီး၊ အခေါက်၊အရွက်များကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း သိရှိရသည်။ ပိတောက်နှင့် ငုဝါပန်းသည် အဝါရောင် ပွင့်လန်းသော ပန်းများဖြစ်ပြီး အပြိုင်လှရင်နိုင်လွန်းပြီး လူတို့နှစ်သက်မြတ်နိုးအပ်သော ပန်းကလေးများဖြစ်သည့်အတွက် စိုက်ပျိုးသင့်ပါသည်။ ငုဝါပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)