သင်္ဘောပင်စိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကျေးရွာများတွင် ရာသီအလိုက် စိုက်ပျိုးရေးကို စီးပွားရေးအဖြစ် အဓိကအားထားပြီး စိုက်ပျိုးလုပ်ကိုင်ကြပါသည်။ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ CPပြောင်းဖူး၊ ဆေးရွက်ကြီး သီးနှံများကို စိုက်ပျိုးကြသလို ဧရာဝတီမြစ်၏ မြစ်ရေဝင် ရောက်ရာ ကျေးရွာများတွင် ကုန်စိမ်းသီးနှံများဖြစ်ကြသည့် ခရမ်းချဉ်သီး၊ခရမ်းသီး၊ဘူးသီး၊ ပဲထောင့်ရှည်၊ ရုံပတီသီး၊ သခွားသီးနှင့် သင်္ဘောသီးပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

   သင်္ဘောပင်ကို မြစ်ရေကျချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ သင်္ဘောပင်စိုက်ပျိုးမှုအနေဖြင့် ထိုင်ဝမ်သင်္ဘော မျိုးစေ့ ဝယ်ယူ၍ ဘောင်စနစ်နှင့် ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း (၂၅)ရက် ရှိချိန်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့ပြီး တန်းခြား ၁၀ ပေ၊ ပင်ခြား ၆ ပေ ဖြင့် (၁) ဧကလျှင် အပင် (၅၀၀)ခန့် ဘောင်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ (၁)ဧကလျှင် မျိုး၊ မြေပြင်ခ၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင် ကျပ်(၇၀) သိန်းခန့် ကုန်ကျကြောင်း၊အထွက်နှုန်းအနေဖြင့် သင်္ဘောပင် (၁)ပင်လျှင် သင်္ဘောသီးစိမ်း (၂၅ မှ ၃၀) ပိဿာထိ ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ပခုက္ကူမြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် အမှည့် (၁)လုံးကို အကြီး၊ အသေးပေါ်မူတည်၍ ကျပ်(၃၀၀၀မှ ၅၀၀၀)နှင့် အစိမ်း (၁)ပိဿာ လျှင် ကျပ်(၁၀၀၀)နှုန်းဖြင့် ရောင်းချရပြီး ရန်ကုန်၊ မန္တလေးမြို့များသို့ သင်္ဘောသီးအစိမ်းများကို အများဆုံး တင်ပို့ရောင်းချလျက်ရှိပါသည်။ သင်္ဘောစိုက်တောင်သူများအနေဖြင့် ဈေးကွက်ဝယ်လို အားရှိပြီး အကျိုးအမြတ်ကိုက်သည့် သင်္ဘောသီး အစိမ်းများကိုသာ ခူးစွတ်ပြီး ရောင်းချလျက်ရှိပါသည်။ သင်္ဘောသီးအမှည့် (၁)လုံး ရောင်းလျှင် အစိမ်း(၁)ပိဿာရောင်းရနှုန်းထက် ပိုမိုရရှိသော်လည်း အသီးမှည့်ချိန် စောင့်ဆိုင်းရခြင်း၊ ရင့်မှည့်ချိန်သည် တစ်ပြိုင်တည်း ရင့်မှည့်ခြင်းမရှိခြင်း၊ ဈေးကွက်သို့တင်ပို့ရာတွင်လည်း လေလွင့်ဆုံးရှုံးမှုများခြင်း၊ ဈေးကွက်ဝယ်လိုအားနည်းပါးခြင်းတို့ ကြောင့် အစိမ်းကိုသာ ခူး၍ရောင်းချခြင်းတို့ ဖြစ်ကြောင်းသိရှိရပါသည်။ ရာသီဥတု၊ သွင်းအားစုနှင့် ပြုစုစောင့်ရှောက်မှုအပေါ်မူတည်ပြီး (၁) ဧကလျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၇၀ မှ ၈၀) သိန်းခန့်ရရှိကြောင်း သင်္ဘောပင် (၁.၅) ဧက စိုက်ပျိုးထားသည့် လှည်းချောင်းပေါက်ကျေးရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)