တစ်ပိုင်တစ်နိုင် CP အသားစားကြက်မွေးမြူခြင်းနှင့် အကျိုးအမြတ်ရရှိမှု

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ အနောက်စုကျေးရွာတွင် CP အသားစား ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဦးမောင်မောင်အေးအား CP အသားစားကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုအခြေအနေအား မေးမြန်းခဲ့ပါသည်။

       ဦးမောင်မောင်အေးသည် ကြက်မွေးမြူခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း၊ ကြက်ခြံအကျယ်အဝန်း(၃၀-၁၆၀)ပေ ကျယ်ဝန်းပြီး ကြက်အကောင်ရေ(၃၀၀၀)ခန့် ဝင်ဆန့် ပါကြောင်း၊ မိမိအိမ်ခြံမှ ဝါးပိုးဝါးများကိုအသုံးပြု၍ ကြက်ခြံဆောက်လုပ်ထားပြီး တစ်နှစ်လျှင်(၄)ကြိမ်မှ (၅)ကြိမ်အထိ မွေးမြူပါကြောင်း သိရှိရပါသည်။

   ကြက်အကောင်ပေါက်များကို  ရန်ကုန်မှ ဝယ်ယူ၍ မွေးမြူရကြောင်း မိမိစတင် မွေးမြူသည့်အချိန်တွင် ကြက်အကောင်ပေါက် များကို ဈေးသက်သာစွာဖြင့် အကြွေးဝယ်ယူ၍လည်း ရရှိပါကြောင်း၊ ယခုအခါတွင် ကြက်အကောင် ပေါက်တစ်ကောင်လျှင် ( ၂၇၀၀ ) ကျပ်အထိ ဈေးနှုန်းမြှင့်တက်၍ ဝယ်ယူရပါကြောင်း၊ ယခု ဇွန်လတွင် ကြက်ပေါက် အကောင်ရေ(၂၂၀၀) မွေးမြူထားပါကြောင်း၊ (၄၅)ရက်သားကြက်ထုတ်ချိန်တွင် အပျက်အစီးများရှိတတ်သောကြောင့် အပျက်အစီးများ အတွက်အကောင် (၂၀၀)ပို၍ မွေးမြူထားပါကြောင်း သိရှိရပါသည်။

        ကြက်အကောင် ပေါက်ကလေးများကို စတင်ဝယ်ယူမွေးမြူသည့်ရက်တွင် အေးလွန်းလျှင်မီးပေး၍ ပူလွန်းလျှင်လည်း ကြက်များသေစေသောကြောင့် ရေပေး၍ မွေးမြူရပါကြောင်း၊ ကြက်ပေါက်များ  (၁၄)ရက် သားအရတွင် ဂန်ဘိုရိုရောဂါကာကွယ်ဆေး တိုက်ပေးရပါကြောင်း၊ (၂၁)ရက်သားတွင် လည်လိမ်ရောဂါ ကာကွယ်ဆေးတိုက်ပေးရပါကြောင်း၊  ကြက်အားဆေးကို နေ့စဉ်ကြက်ရေတိုက်ရာတွင် ထည့်သွင်းတိုက်ပေးကြောင်း  ကျန်းမာရေး မကောင်းပါက  ဖြစ်ပေါ်သည့် ရောဂါပေါ်မူတည်၍ ဆေးတိုက်ရကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင်  ကြက်အရွယ်အစားပေါ်မူတည်၍ ကြက်စာများကျွေးရပါသည်။ CP အသားစား ကြက်များ မွေးမြူသည့်အတွက်  CP ကြက်စာကိုသာ ကျွေးမွေးရပါသည်။ ကြက်စာတွင် လည်း ကြက်သား ပေါက်စာ၊ ကြက်လတ်စာနှင့် ကြက်ကြီးစာဟူ၍ ( ၃ ) မျိုးရှိ၍  မွေးမြူစမှ ( ၁၅ ) ရက်သားအရွယ်အထိ ကြက်ငယ်စာ (910SP)အမျိုးအစား ကျွေးမွေးပါကြောင်း၊ (၁၆-၂၇-၂၈)ရက်သား အရွယ်ခန့်တွင် ကြက်လတ်စာဖြစ်သော (910S)ကျွေးမွေးကာ ( ၂၉ ) ရက်ခန့်မှ ကြက်ရောင်းချသည့်အချိန် (၃၅-၄၅) ရက်သား အရွယ်ခန့်ထိ ကြက်ကြီးစာ(911)ကို ကျွေးမွေးပါကြောင်း၊  CP ကြက်စာဈေးနှုန်းများအနေဖြင့် ကြက်သားပေါက်စာ ( 50 kg ) တစ်အိတ်လျှင်  (၁၅၅၀၀၀ ) ကျပ်၊ ကြက်လတ်စာ ( 50 kg ) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကြက်ကြီးစာ (50 kg ) တစ်အိတ်လျှင် (၁၄၀၀၀၀ ) ကျပ်ပေး၍ ဝယ်ယူရပါသည်။ ကြက်စာများကို တစ်နေ့လျှင်   ( ၃ ) ကြိမ်ခန့် ကျွေး၍ မွေးမြူရပါကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင် ကြက်ချေးနံ့များကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများ မထွက်စေရေးအတွက်   ကြက်ခြံအောက်ခြေရှိ ကြက်ချီးများအား   ဖွဲပြာခံခြင်း၊ ထုံးဖြူးခြင်း များကို(၇)ရက်တစ်ပတ် သန့်ရှင်းရေး ဆောင်ရွက်ကြောင်း၊ စွန့်ပြစ်ကြက်ခြေးများအား စိုက်ပျိုးရေးခြံများမှ လာရောက် သယ်ယူပါကြောင်း၊ မိမိ စိုက်ခင်းအတွက်လည်း အသုံးပြု ပါကြောင်း၊ မိသားစု လုပ်အားများဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရသောကြောင့် မိမိအနေဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း(ကထိန်ရာသီ) ၊အလှူရာသီ များတွင် ကြက်သားဈေးကောင်းရရှိပါကြောင်း၊   ကြက်သားဈေးကောင်းရရှိသော ရာသီတိုက်ဆိုင်လျှင် အမြတ်ငွေများပါကြောင်း၊ အသေအပျောက်နည်းလျှင်လည်း အမြတ်ငွေပိုပါကြောင်း  ပျှမ်းမျှအားဖြင့် (၁)နှစ်လုံးတွင် ကြက်စာများ၊ ဆေးဝါးများနှင့် လုပ်သားခများ နှုတ်ယူပြီး၊ အသားတင် အမြတ်ငွေအားဖြင့် သိန်း(၁၅၀) ကျပ်ခန့် အမြတ်ရရှိပါကြောင်း၊ ကြက်သားဈေးမကောင်းလျှင်    (၈၅၀၀၀၀၀ ) ကျပ်ခန့်သာ အမြတ်ကျန်ရှိပြီး၊ ရာသီဥတုအပူလွန်/အအေးလွန်၍လည်းကောင်း၊ ရောဂါဝင်၍ သော်လည်းကောင်း  အသေအပျောက်များသော ကာလနှင့် ကြုံတွေ့လျှင် အကျိုးအမြတ်မရှိ အရှုံးနှင့် သာရင်ဆိုင်တွေ့ဆုံရပါကြောင်း ကြက်ခြံပိုင်ရှင် ဦးမောင်မောင်အေးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)