
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းဒေသဖြစ်၍ ဆည်ရေသောက်အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဆေးရွက်ကြီးနှင့် ကြက်သွန်နီ သီးနှံများကို စိုက်ပျိုးထားကြောင်းနှင့် ကုလားပဲသီးနှံကိုလည်း ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးကြောင်း သိရှိရသည်။ ဆောင်းကုလားပဲကို အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့်ဧပြီလများ၌ ရိတ်သိမ်းထွက်ပေါ်ပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၄) လကြာမြင့် ကြောင်းသိရှိရသည်။ မြင်းခြံမြို့နယ်တွင် ကုလားပဲစိုက်ဧက(၁၀၅၆၅)ဧက၊ တောင်သာမြို့နယ်တွင် (၇၁၂၃)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၃၇၈၉)ဧက ၊ စုစုပေါင်း(၃၁၄၇၇)ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ အထွက်နှုန်းအနေဖြင့် (၁၀၊၁၂)တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင်တောင်သူများက မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြောင်း၊ ထိုမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန် ဘုရင်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ထွက်ပေါ်ချိန်ရောင်းဈေးမှာ တစ်ပိဿာ လျှင်(၃၆၅၀/၃၇၀၀)ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခုဇွန်လ နောက်ဆုံးပတ်တွင် ကုလားပဲ 929 တစ်ပိဿာ လျှင်( ၄၄၅၀-၄၄၉၀) ကျပ်၊ ကုလားပဲ V2 တစ်ပိ ဿာလျှင်(၄၅၀၀-၄၅၃၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ အရည်အသွေး၊ အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရသည်။ ကုလားပဲခွဲခြမ်းသည်လူကြိုက်များပြီး ဒေသတွင်းလည်း စားသုံးမှုများကြောင်း၊ လက်လီဈေးကွက်တွင် ကုလားပဲခြမ်းတစ်ပိဿာလျှင်(၇၀၀၀-၇၅၀၀) ကျပ် ခန့် ပေါက်ဈေးရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)