ပခုက္ကူမြို့၏ ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါး ပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီးအထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

       ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)မှစ၍ ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၄၀၀၀-၃၀၀၀) အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ခရမ်းချဉ် စိုက်ပျိုးထားရှိ သော စိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးတက်ရခြင်းဖြစ်ကြောင်း၊ ဇွန်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)