ပခုက္ကူဈေးကွက်သို့ ရာသီပေါ်နဂါးမောက်သီးများ စတင်ဝင်ရောက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် နဂါးမောက်သီးများ စိုက်ပျိုးထွက်ရှိမှု နည်း၍ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နဂါးမောက်သီးကို မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များတွင် အဓိကစိုက်ပျိုးမှုများ၍ အများဆုံး ဝင်ရောက်လျက်ရှိပါသည်။ နဂါးမောက်သီးအရသာမှာ ထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြု ကြောင်း သိရှိလာသည်နှင့်အမျှ စိုက်ပျိုးစားသုံးမှုမှာလည်း ပိုမိုမြင့်တက်လာကြောင်း သိရှိရပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးရှိရာတွင် အနီသီးမှာ ပိုမိုဆေးဖက်ဝင်ကြောင်းသိရှိရသည်။

   ဈေးကွက်အနေဖြင့် ယခုနဂါးမောက်သီးပေါ်စ ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် သီးနှံ အရည်အသွေးနှင့် အရွယ်အစားလိုက်၍ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၆၀၀၀ မှ ၃၀၀၀) ထိရှိပြီး တစ်လုံးလျှင် ကျပ်(၁၅၀၀ မှ ၇၀၀)ထိ ဈေးဖြင့် ရောင်းဝယ်လျက်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်သီး နှံပေါ်ချိန်တွင် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၂၀၀၀)ထိရှိပြီး ယခုနှစ် တွင်  နဂါးမောက်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သီးနှံဈေးကွက်မှ သိရှိရပါသည်။

     နဂါးမောက်သီးကို နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေစိုပြေလှပလိုသူများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ၊ ရွေးချယ်စားသုံးသင့် သည့် အသီးအနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)