
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးရုံကိုလည်း စိုက်ပျိုးကြရာမြစ်သားမြို့နယ်အတွင်း ငရုတ်စိုက်ဧက (၁၃၆၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ စိုက်ပျိုးသော မျိုးအနေဖြင့် (၆၉၂ ၊ သာမို နှင့် ဒီမွန်မျိုးများကို) စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှုအနေဖြင့် ပျိုးထောင်စိုက်ပျိုးကြပြီး ငရုတ်ပျိုး သက်တမ်း (၁)လတွင် ပျိုးနှုတ်စိုက်ပျိုးကြကြောင်း ဘောင်များဖွဲ့၍ တစ်ပေခြားလျှင် (၁)ပင် စိုက်ပျိုးပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ သိုတန်ရွာ၊ ဆင်းကွတ် ရွာနှင့်ကျောက်ဆောက်ရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၊ အထွက်နှုန်းအနေဖြင့် ငရုတ် အခြောက်ပိဿာ (၄၀၀-၅၀၀) ပိဿာခန့် ထွက်ရှိခဲ့ပြီး ယခင်နှစ်ဈေးနှုန်းအနေဖြင့် ငရုတ်အခြောက် အညှာပါ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အညှာခြွေတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ ပြီးအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၇၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခု လက်ရှိ ငရုတ်သီးပေါက်ဈေးအနေဖြင့် ငရုတ်သီးအညှာပါ တစ်ပိဿာလျှင် (၁၀၀၀၀/-)ကျပ်၊ အညှာခြွေ တစ်ပိဿာလျှင် (၁၂၀၀၀/-)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်းပြီး ငရုတ်သီးထွက်ပေါ်ချိန်တွင်လည်း ငရုတ်သီး ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)