အထက်မင်းလှမြို့၊ ဥယျာဉ်ကျေးရွာ၌ ပဲစဉ်းငုံသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ် ကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် နှမ်းနှင့်ရော၍ စိုက်ဧက(၂၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

     ပဲစဉ်းငုံသီးနှံကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး(၆)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ ပဲစဉ်းငုံအနီမျိုးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၁)ပြည်လျှင် ကျပ်(၇၀၀၀)ဖြင့် ဝယ်ယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး(၁)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ကျပ်(၁၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင်(၁၀)တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ခန့်ရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ် (၉၀၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ယခုအချိန်တွင် သီးညှပ်အဖြစ်စိုက်ပျိုးထားသည့် ပဲစဉ်းငုံစိုက်ခင်းများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကုန်ကျစရိတ်သက်သာသည့်အပြင် ပြည်ပဝယ်လိုအားရှိသည့် ပဲဖြစ်သည့်အတွက် ဈေးကောင်းလည်းရရှိသောကြောင့် တောင်သူများအနေဖြင့် ယခုနှစ်တွင် နှမ်းနှင့်ရော၍ သီးညှပ်အဖြစ် ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။

DOCA(မကွေး)