
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့စည်ပင်သာယာဈေး၊ အခွန်လွတ်ဈေးများရှိ ဘုရားပန်းဈေးကွက်တွင် ရာသီပေါ်ဇွန်ပန်းများ ဈေးအမြင့်ဖြင့် နေ့စဥ်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။
ဇွန်ပန်းသည် အဖြူရောင်ရှိပြီး သင်းပျံ့သောရနံ့ကို ရရှိသောကြောင့် လူအကြိုက်များပြီး နေ့စဥ် ဘုရားကပ်လှူသူများနှင့် ပန်းအလှဆင်သူများမှအများဆုံး ဝယ်ယူလျက်ရှိကြောင်း၊ ဇွန်ပန်းပင်အမျိုးအစားမှာ ပန်းရုံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးပြီး ၂နှစ်အကြာတွင် ပန်းပွင့်များ စတင်ခူးဆွတ် ရကြောင်း၊ ဇွန်လမှစက်တင်ဘာလတွင် လှိုင်လှိုင်ခူးဆွတ်ရကြောင်း၊ ပန်းရုံအကြီးအသေးပေါ် မူတည် ၍ ပန်းရုံ(၁)ရုံမှ တနေ့လျှင် (၂၅)ကုံးပါပန်းတွဲ (၂)တွဲမှ (၅)တွဲထိရရှိကြောင်း၊ ဇွန်ပန်းများကို မီးသွေးဖုတ်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ စက်ရုံရပ်ကွက်တို့မှ အများဆုံးထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ (တတိယပတ်)တွင် ဇွန်ပန်းကုံး(၁)ကုံးလျှင် (၂၅)ပွင့်နှင့်(၂၇)ပွင့်ပါရှိပြီး (၂၅)ကုံး(၁)တွဲလျှင် ကျပ် (၁၀၀၀မှ ၁၂၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ပန်းရောင်းသူများထံမှ သိရသည်။ သို့ဖြစ်ပါ၍ အိမ်ခြံဝန်းများအတွင်း ဇွန်ပန်း(၂)ရုံ၊ (၃)ရုံစိုက်ပျိုးထားသည့် အိမ်ထောင်စုများအနေဖြင့် နေ့စဉ် ဝင်ငွေရရှိပြီး ဟင်းချက်စရာဖိုးရရှိနေသည့်အတွက် အိမ်ခြံမြေများတွင် တိုးချဲ့စိုက်ပျိုးသင့်သော ပန်းပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)