ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော စံပယ်ပန်းဈေးနှုန်း

Powered by Drupal

     စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်းဖြစ်သည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်သည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ ဟူ၍ စံပယ်အမျိုး မျိုးရှိသည်။

    စံပယ်ပန်းပင်သည် ပူအိုက်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် စံပယ်ပန်း ပင်ကို မြန်မာနိုင်ငံ အပူပိုင်းဒေသတွေမှာ အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ စံပယ်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင်စိုက်ပျိုးကြသည်။ အမျိုးသမီးများသည် စံပယ်ပန်းပွင့်များကို ကြိုးဖြင့်သီကုံးပြီး ဦးခေါင်းတွင်ပန်ဆင်ကြသလို အခက်လိုက် ပန်ဆင်သူများလည်းရှိသည်။ ယခုအခါ စံပယ်ပန်းများကို ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရရှိလာသောစံပယ်ပန်းကုံးများကို  မြို့မဈေးသို့လာရောက်ရောင်းချကြောင်း၊ ပန်းသည်၏ပြောပြချက်အရ ဇွန်လ ပထမပတ်အတွင်း (၁)ကုံးလျှင် (၂၀၀)ကျပ်၊ (၃)ကုံး လျှင်(၅၀၀)ကျပ်၊ (၆)ကုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ စံပယ်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများအလှပန်ရန်အတွက်လည်းကောင်း၊ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)