
ငါးခြောက်သည် မြန်မာနိုင်ငံတွင်ရှေးအစဉ်အလာကတည်းက အသုံးပြုလာခဲ့သော အစား အစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝမှု၊ ချက်ပြုတ်ရန်လွယ်ကူမှုနှင့်သိုလှောင်ရာတွင် အထောက်အကူပြုမှုတို့ကြောင့် လူကြိုက်များသည်။
မြင်းခြံဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ငါးပိများ အား ရန်ကုန်မြို့ ဘုရင့်နောင်နှင့် ဧရာဝတီတိုင်းတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်း အမျိုးအစားအလိုက် တစ်ပိဿာဈေးတို့မှာ အာဗြဲခြောက် (၃၂၀၀၀ - ၃၅၀၀၀) ကျပ်၊ ငါးပုတ်သင်(အလတ်) (၁၉၀၀၀) ကျပ်၊ ငါးပုတ်သင်(ကြီး) (၂၆၀၀၀) ကျပ်၊ ငါးတံခွန်ခြောက် (၂၀၀၀၀ - ၂၂၀၀၀) ကျပ်၊ ငါးပူတင်းခြောက်(အပြား) (၃၇၀၀၀)ကျပ်၊ ငါးနီတူခြောက်(အလတ်) (၂၂၀၀၀) ကျပ်၊ ငါးကွမ်းရှပ် (၆၀၀၀၀) ကျပ်၊ ပုဇွန်ခြောက် (၄၅၀၀၀ - ၆၅၀၀၀) ကျပ်နှင့် ငါးပိ (၈၀၀၀ - ၁၂၀၀၀) ကျပ် ပေါက်ဈေးတို့ဖြင့်အသီးသီးရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်သည် မိုးဦးကာလဖြစ်သောကြောင့် ဒေသတွင်းကျေးရွာများမှ ဝယ်ယူမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း အေးမြသီ တာဈေးအတွင်းရှိ ရေထွက်ကုန်ပစ္စည်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)