
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများဒေသဖြစ်သည့်အတွက် ဓနိပင်များ အလေ့ကျများစွာ ပေါက်ရောက်ကြပါသည်။ အဆိုပါ ဓနိပင်များမှာ ဓနိဖူးခြောက်များ၊ ဓနိရည် အချို/အခါးများ၊ ဓနိရည်အား ညသိပ်၍ ပြုလုပ်သော ပအုန်းရည်(အချဥ်)များ၊ ဓနိပင်မှ ဓနိရွက်များ အားခုန်ယူ၍ အိမ်မိုးဓနိဖက်များပြုလုပ်ကာ ဒေသတွင်းမိသားစုလုပ်ငန်းများအဖြစ် ဝင်ငွေရရှိ လျက်ရှိ သည့်အပြင် ကမ်းရိုးတန်းများ ရေတိုက်စားသည့်ဘေးမှ ကာကွယ်ပေးပြီး ဂေဟစနစ်ကို များစွာ အကျိုးပြုလျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသော ဓနိသကြား၊ သီဟိုဠ်၊ အုန်းသီးကိုအသုံးပြု၍ ထားဝယ် ရိုးရာဒေသထွက် ထားဝယ်ဂါဂျိုး ပြုလုပ်ခြင်းဖြင့် မိသားစုဝင်ငွေများ ရရှိလျက်ရှိပါသည်။ ထားဝယ် ဂါဂျိုးတွင် သီဟိုဠ်စေ့နှင့် အုန်းသီးဟူ၍ အရသာ(၂)မျိုးရှိပြီး ထားဝယ်ဂါဂျိုး ပြုလုပ်ရန် အတွက် ဓနိပင်မှထွက်ရှိသော ဓနိရည်အားကြိုလိုက်လျှင် ဓနိသကြားရရှိပြီး အဆိုပါဓနိသကြားအား ထပ်မံ၍ မီးဖြင့်အပူပေးကြိုကာ ရေစစ်ဇကာ(သို့) ပိတ်ဖြူစဖြင့် စစ်ထုတ်ကာ အအေးခံ၍ ကပ်စေးလာလျှင် အနေတော်တစ်ခါစား အလုံးလေးများထဲသို့သီဟိုဠ်စေ့များထည့်ကာ နှမ်းကပ်၍ သီဟိုဠ်စေ့အရသာ ထားဝယ်ဂါဂျိုး၊ အုန်းသီးခြစ်ဖက်များ ထည့်ကာ နှမ်းကပ်၍ အုန်းသီးအရသာ ထားဝယ်ဂါဂျိုး စသည် ဖြင့် ထားဝယ်ဂါဂျိုး အရသာ(၂)မျိုး ထုတ်လုပ်ပြီး အဆိုပါ ဂါဂျိုးအလုံးလေးများအား အိတ်ထဲသို့ထည့်ကာ ဂါဂျိုးအလုံး (၂၀)ပါ တစ်ထုတ်လျှင် ဖောက်သည်စျေး ၂၀၀၀ ကျပ်ဖြင့် ဒေသတွင်း၌သော်လည်းကောင်း၊ အခြားဒေသမှလာရောက်သူများမှလည်း ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူခြင်းဖြင့် ဝင်ငွေများရရှိလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)