
နေပြည်တော်တွင် ဧပြီလသည် နွေရာသီ၏ အပူဆုံးကာလဖြစ်သော်လည်း၊ ပတ်ဝန်းကျင် မြို့နယ်များဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတို့မှ ရရှိလာသောလတ်ဆတ်သည့် သီးနှံများဖြင့် ဈေးကွက်တွင် စိုပြေနေတတ်ပါသည်။ ဧပြီလအတွင်း နေပြည်တော်ဈေးကွက်တွင် တွေ့ရလေ့ရှိ သည့် အဓိကရာသီပေါ်သီးနှံများကို ဖော်ပြလိုက်ပါသည်။
နွေရာသီတွင်သစ်သီးဝလံများ အပေါဆုံးအချိန်ဖြစ်ပြီး အပူဒဏ်ကိုသက်သာစေမည့် အသီးအနှံ များ ဈေးကွက်တွင် အပြည့်ရှိနေပါသည်။ ဧပြီလတွင်သရက်သီးများ လှိုင်လှိုင်ထွက်ရှိပါသည်။ စိန်တစ်လုံး၊ ပန်းဆွဲ၊ ရွှေဟင်္သာ၊ မချစ်စု စသည့် အမျိုးအစားများ အလျှံအပယ် ရရှိနိုင်ပြီး ဈေးနှုန်း လည်း သင့်တင့်သော အချိန်ဖြစ်ပါသည်။ ထန်းသီးများသည်နွေရာသီတွင်များစွာ ထွက်ရှိပါသည်။ နေပြည်တော်တစ်ဝိုက်ရှိ ထန်းတောများမှ လတ်ဆတ်သော ထန်းသီးနုများကို ဈေးများတွင် အလွယ် တကူ ဝယ်ယူရရှိနိုင်ပါသည်။ ဖရဲသီးနှင့်သခွားမွှေးတို့သည် ရေဓာတ်အလွန်ကြွယ်ဝသဖြင့် နွေရာသီ ပြင်းထန်သော အပူဒဏ်ကိုဖြေဖျောက်ရန်အတွက် အဓိကရွေးချယ်စရာများဖြစ်ပါသည်။ ဧပြီလတွင် အသီးအနှံများစွာပေါ်သည့်အတွက် ဒေသထွက် အသီးအနှံများဖြစ်သည် ကြိတ်မှန်ရွက်နှင့် နဂါးမောက်သီးတို့ကိုလည်း တွေ့ရတတ်ပါသည်။ နွေရာသီအပူဒဏ်ကို ခံနိုင်ရည်ရှိသည့် ဟင်းသီး ဟင်းရွက်များသည် နေပြည်တော်ဈေးများတွင် အဓိကနေရာယူထားပါသည်။ ဘူးသီးနှင့်ဖရုံသီး သည် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး ရေဓာတ်ပါဝင်မှုများသည့်အတွက် ဟင်းရည်ချက်ရန်သင့် တော်ပါသည်။ ကန်စွန်းရွက်များသည် ဧပြီလတွင်အလွန်အရသာရှိပြီး အလွယ်တကူ ရရှိနိုင်ပါသည်။ ရုံးပတီသီးသည်နေပူဒဏ်ကို ကြိုက်နှစ်သက်သည့်အတွက် ဧပြီလတွင် အထွက်နှုန်းကောင်းပြီး ဈေးကွက်တွင် ဈေးသက်သာလေ့ရှိပါသည်။ မျိုးစုံသော ခရမ်းသီးအမျိုးအစားများ (အဖြူ၊ အစိမ်း၊ ခရမ်းရောင်)ကို ဈေးကွက်တွင် တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရာသီပေါ် သီးနှံများကို နေပြည်တော်ရှိ အာဟာရသုခဈေး၊ သပြေကုန်းဈေး သို့မဟုတ် မြို့မဈေးများတွင် သွားရောက်ဝယ်ယူပါက ပိုမိုလတ်ဆတ်သော ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ပါကြောင်း တင်ပြ လိုက်ရပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)
