
မန္တလေးသစ်သီးစျေးကွက်အတွင်းသို့ ဧပြီလနောက်ဆုံးပတ်တွင်ရမည်းသင်းခရိုင်မှထွက်ရှိသည့် စပျစ်သီးများဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှလည်း ဝင်ရောက်ကြောင်း သိရပါသည်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုးလျက်ရှိပြီး၊ အီတလီ No(3)၊ BQ ၊ BK ၊ RG စပျစ်မျိုးများ၊ ရိုးရိုးအချွန်၊ ပန်းရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း သိရပါသည်။ စပျစ်သီးအားအသီး အတိုင်းစားသုံးခြင်း၊ အခြောက်ခံခြင်း၊ ယိုထိုးခြင်း၊ ဝိုင်၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် စပျစ်သီးခြောက်များထည့်၍စားသောက်ကြောင်း သိရပါသည်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှဝင်ရောက်လာသည့် သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်ဧပြီလနောက်ဆုံးပတ်အတွင်း ဝင်ရောက်လာသည့်စပျစ်သီးစျေးမှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၃၀၀၀ကျပ်နှင့် ၁၄၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး၁၂၀၀ဝ ကျပ်နှင့် ၁၃၀၀၀ ကျပ်၊ စပျစ်သီး (လုံးသေး) ၉၀၀၀ကျပ် နှင့် ၁၀၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါသည်။ ပူပြင်းသည့်ရာသီချိန်ဖြစ်၍ ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးသစ်သီးစျေးကွက်တွင် စပျစ်သီးဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)