စားသုံးမှုများသော ခရမ်းသီးဈေးနှုန်း

Powered by Drupal

            ခရမ်းသီးသည် အပူပိုင်းနှင့် သမပိုင်းရာသီဥတုတွင် ဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင် မိုးရာသီနှင့် ဆောင်းရာသီအတွင်း အဓိကစိုက်ပျိုးလေ့ရှိပြီး ရာသီဥတုနှင့် ဒေသကိုလိုက်၍ အထွက်နှုန်းကွာခြားမှုရှိသည်။ စိုက်ပျိုးချိန်မှစ၍ သုံးလကြာလျှင် အသီးများခူးဆွတ်နိုင်ကြောင်း သိရှိရသည်။

          မြင်းခြံမြို့ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် ရောင်းချနေသော ခရမ်းသီးတစ်ပိဿာ လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ရောင်းချလျက်ရှိပြီး အရည်အသွေးအမျိုးအစားအပေါ်မူတည်၍ ဈေးနှုန်းများ အနည်းငယ် ကွာခြားကြောင်းနှင့် အရောင်အသွေးအနေဖြင့် ခရမ်းရောင်၊ အဖြူရောင်၊ အစိမ်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြောင်း သိရှိရသည်။ အာဟာရအနေဖြင့် အမျှင်ဓာတ်၊ ဗီတာမင်ကေ၊ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးကြောင်းသိရှိရသည်။ မြန်မာ့ဟင်းလျာများတွင် ခရမ်းသီးနှပ်အဖြစ်လည်းကောင်း၊ ခရမ်းသီးကို အခြောက်လှန်း၍ ခရမ်းသီးခြောက်ဟင်းစသည်ဖြင့် ချက်ပြုတ်စားသောက်လေ့ရှိကြကြောင်းနှင့် မြင်းခြံမြို့နယ်တွင် ခရမ်းသီးများကို နဘူးအိုင်၊ လှိုင်းတက်၊ ဘောလုံး၊ ဒါးကျွန်း ကျေးရွာများမှ မြင်းခြံမြို့ပေါ်ရှိ ဈေးများသို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)