ပခုက္ကူမြို့တွင် ကျွန်းစားတော်ပဲ(အသစ်)များ အရောင်းအဝယ်ဖြစ်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော စားတော်ပဲများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်) အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ (အသစ်) များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်း စားသုံးမှုများ၍ စားတော်ပဲဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အစောပိုင်းတွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၃၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ(ပထမပတ်)တွင်ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ်(၁၂၇၀၀၀)ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက (၂)ပတ်အတွင်း စားတော်ပဲ တစ်တင်းလျှင် ကျပ်(၉၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ နှစ်အလိုက် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်သီးနှံပေါ်စ စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ်ထက် စားတော်ပဲဈေးမြင့်တက်လာကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပွဲရုံဈေးကွက်သို့ တစ်ရက်လျှင် ကျွန်းစားတော်ပဲ သီးနှံ(အသစ်) ပိဿာ(၃၀)ဝင် အိတ် (၅၀)မှ(၁၀၀)ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်သီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ် စားတော်ပဲပြုတ်ကို နံနက် စောစာစားသုံးခြင်းအပြင် လုပ်ငန်းရှင်များမှလည်း စားတော်ပဲလုံးကြော်ပြုလုပ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံးစားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ (အသစ်)များ အများဆုံးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)