
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ဈေးတွင် ကြက်တက်ရွက် ပြုတ်ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်မှာ မိုးဦးကျစ ဧပြီလကုန်ပိုင်းတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်းဖြစ်ပါသည်။ ကြက်တက်ရွက်များကို တောထဲ၌သွားခူးကြပြီး နာရီဝက်ခန့်ကြာအောင် ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံးပြီး ဈေးထဲတွင် ရောင်းချကြပါသည်။
ကြက်တက်ရွက်ကို စားသုံးခြင်းအားဖြင့် ဝမ်းသက်စေ၍ ဝမ်းချုပ်တတ်သူများ စားသုံးသင့်ပါသည်။ ကြက်တက်ရွက်ပြုတ်ကို လဖက်မစားရဲသူများ လဖက်မကြိုက်သူများအတွက် ကြက်တက်ရွက်ပြုတ်ကို သုပ်စားကြပါသည်။ ကြက်တက်ရွက်ပြုတ်ကို လဖက် ၊ ဂျင်းတို့ဖြင့် ရောနှောသုပ်စားကြသလို၊ ကြက်တက်ရွက်ပြုတ်ကိုလည်း မြေပဲဆံထောင်းတို့နှင့်လည်းသုပ်စားပြီး ရေနွေးကြမ်းဖြင့်သော်လည်းကောင်း ၊ ထမင်းဖြင့်သော်လည်းကောင်း စားသုံးကြသော အရသာရှိပြီး စားကောင်းသော အရွက်တစ်မျိုးလည်းဖြစ်ပါသည်။
ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး စားစရာတစ်မျိုး ဖြစ်ပါသည်။ ကြက်တက်ရွက်ကို ယခု ဧပြီလ နောက်ဆုံးအပတ်လောက်တွင် စတင်ပေါ်လာပြီး ဈေးနှုန်း ဈေးကွက်အနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၇၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ် သားလျှင်(၃၅၀၀)ကျပ် နှင့် ကြက်တက်ရွက်ပြုတ်(၁၀)ကျပ်သားလျှင်(၇၀၀)ကျပ် ပေါက်ဈေးရှိပြီး ကြက်တက်ရွက်ပြုတ် လက်တွင်းတစ်ဆုတ်စာရောင်းသော အဆုတ်တစ်လုံးလျှင်(၅၀၀)ကျပ်ဈေးဖြင့် ရောင်းချရကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ကြက်တက်ရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)