
ဟင်္သာတမြို့နယ်ရှိ တောင်သူများသည် မတ်ပဲကို အဓိက သီးနှံအဖြစ် စိုက်ပျိုးလာခြင်းဖြင့် စီးပွားရေး အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးတက်လာကြောင်း သိရသည်။ မတ်ပဲသည် ရာသီတို သီးနှံဖြစ်ပြီး ရေအသုံးနည်းကာ ဈေးကွက်ဝင်သဖြင့် ကျေးရွာများတွင် လူကြိုက်များ လာသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဟင်္သာတမြို့နယ်၌ မတ်ပဲစိုက်ဧက ၅,၀၀၀ ဧက ခန့်ရှိရာမှ ၂၀၂၃-၂၀၂၄ တွင် ၇,၅၀၀ ဧက အထိ တိုးတက်စိုက်ပျိုးလာသည်။ စိုက်ပျိုးမှု နည်းပညာများ တိုးတက်လာခြင်း၊ မျိုးကောင်းမျိုးသန့် အသုံးပြုလာခြင်းတို့ကြောင့် ပျမ်းမျှအထွက်နှုန်းလည်း တစ်ဧက ၃၀ မှ ၄၅ တင်း အထိ ရရှိလာကြောင်း ဒေသခံတောင်သူများက ဆိုသည်။
မတ်ပဲဈေးနှုန်းသည် တစ်တင်း ၁၀၀,၀၀၀ ကျပ် မှ ၁၂၀,၀၀၀ ကျပ် အထိ ရှိသဖြင့် တောင်သူ တစ်ဦးသည် တစ်ရာသီလျှင် သိန်း ၄၀ မှ ၈၀ အထိ အမြတ်အစွန်း ရရှိကြသည်။ ဒေသခံ တောင်သူတစ်ဦးဖြစ်သူကလည်း "မတ်ပဲကို ရေနည်းနည်းနဲ့ စိုက်လို့ရတယ်၊ ဈေးလည်း ကောင်းတယ်။ အရင်ကထက် ဝင်ငွေ ၅၀% ပိုရလာတယ်" ဟု ပြောသည်။
ဟင်္သာတမြို့နယ်မှ မတ်ပဲများကို စင်ကာပူ၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ တင်ပို့နေပြီး တစ်နှစ်လျှင် တန်ချိန် ၂,၀၀၀ ခန့် ထွက်ရှိသည်။ ဒေသဖွံ့ဖြိုးရေးအတွက် မတ်ပဲစိုက်ပျိုးမှုကို အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ဟင်္သာတမြို့နယ်ရှိ တောင်သူများသည် မတ်ပဲစိုက်ပျိုးခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိလာကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်လာသည်။
DOCA (ဧရာဝတီ)