
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် မိုးစပါးရိတ်သိမ်းပြီးပါက လယ်မြေယာများကို ထွန်ယက်၍ မြေကိုပြုပြင်ပြီး ဆောင်းသီးနှံတစ်မျိုး ဖြစ်သည့် အာလူးဒေသမျိုးကို ရာသီအလိုက် တနိုင်တပိုင် စိုက်ပျိုးကြပါသည်။ ယခုနှစ် စိုက်ပျိုးကြသည့် ကျေးရွာအုပ်စုများမှာ ကတ်ထိုက်၊ မိုင်းလန်း၊ မိုင်းလပ်၊ လွယ်လုံနှင့် တုံစီအုပ်စု များတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရပါသည်။
နှစ်စဉ် မိုးအကုန် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အာလူးကို စိုက်ပျိုးရာတွင် အတန်းလိုက်ဘောင်စနစ်ပြုလုပ်ပြီး တန်းခြား (၅) ပေခန့်ခြား၍ အာလူးမျိူးကို ပြုပြင်ထားသောမြေ၌ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ အာလူးကို စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် မျိုးစေ့ ထွန်ယက်ခ၊ နွားချေး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး၊ ရေသွင်းခြင်းလုပ်သားခ၊ အာလူးထွက်လျှင် သယ်ယူခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၂၂) သိန်းခန့် ကုန်ကျကြောင်း အာလူးစိုက် တောင်သူကြီးများ ထံမှ သိရှိရပါသည်။
ယခုနှစ် အာလူးကို မတ်လနှင့် ဧပြီလတို့တွင် စတင်ခူးဆွတ်နိုင်ကြောင်း တစ်ဧက အထွက်နှုန်းမှာ ပျှမ်းမျ ပိဿာချိန် (၂၂၀၀ မှ ၂၃၀၀) ခန့် ထွက်ရှိပြီး အာလူး (၁) ပိဿာလျှင် လက်ကားဈေးနှုန်း (၂၀၀၀) ကျပ်ခန့် အရောင်းအဝယ်ရှိကြောင်း တစ်ဧက အာလူးရောင်းရငွေမှာ (၂၀၀၀) ကျပ်ဖြင့် တွက်လျှင် (၄၆) သိန်းခန့် ရရှိပြီး တစ်ဧက၏ ကုန်ကျစရိတ် (၂၂) သိန်းနုတ်လျှင် တစ်ဧကအမြတ်ငွေမှာ (၂၄) သိန်းခန့် အမြတ်ရရှိကြောင်း သိရပါသည်။
DOCA(ရှမ်း)