ဧရာဝတီတိုင်းဒေသကြီးအတွင်း သံပုရာနှင့်သံပုယိုသီးဝင်ရောက်မှု သွက်လျက်ရှိ

Powered by Drupal

    မတ်လနောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ကုန်စိမ်းစျေးကွက်များသို့ သံပုရာနှင့်သံပုယိုသီးများ ပိုမိုဝင်ရောက်လျက်ရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် အရောင်းသွက် ကြောင်း သိရသည်။ စျေးကွက်တွင် ရောင်းချနေသည့် သံပုရာသီးအများ စုမှာ ပုသိမ်၊ ကျောင်းကုန်း နှင့် ငပုတောမြို့နယ်တို့ရှိ ကျေးရွာများမှ ထွက်ရှိသောအသီးများဖြစ်ပြီး၊ သံပုယိုသီးများမှာ မြန်အောင်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိသည့် အသီးများ ပိုမိုဝင်ရောက်လျက် ရှိပါသည်။ ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အပြင်အခြားတိုင်းဒေသကြီးတို့မှလည်း သီးနှံများ စီးဝင်လျက်ရှိကြောင်း သိရသည်။

    သံပုရာနှင့်သံပုယိုသီးများသည် မိုးရာသီတွင် အထွက်နှုန်းမြင့်မားပြီး ဆောင်းရာသီ၌ ထွက်ရှိမှုလျော့ကျသဖြင့် စျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိသည်။ ယခုအခါတွင် ထိုအသီး များကို သံပုရာဖျော်ရည်၊ သံပုရာယို၊ သံပုရာချဉ်ဖတ်၊ အသုပ်မျိုးစုံနှင့် သရေစာများတွင် ထည့်သွင်း အသုံးပြုခြင်း၊ လူသုံးကုန်ပစ္စည်းနှင့် ကျန်းမာရေးအတွက် ဓာတ်စာအဖြစ် စားသုံးခြင်း တို့ကြောင့် တစ်နှစ်ပတ်လုံး ဝယ်ယူသုံးစွဲမှုများပြားသည့် သီးနှံများဖြစ်သည်။ သံပုရာသီး (၁) လုံးလျှင် လက်လီ (၄၀၀) လက္ကား (၃၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း သံပုယိုသီး (၁) လုံးလျှင် (၂၅၀) လက္ကား (၂၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)