ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူလှိုင်းကျရောက်မှုကြောင့် နွေစပါးစိုက်ပျိုးမှု၏ ၂၀% ခန့် ထိခိုက်ဖွယ်ရှိ

Powered by Drupal

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Boro  စပါးခေါ် နွေစပါးအား စိုက်ပျိုးထားရှိမှုမှာ စိုက်ခင်းအများစု၌ စပါးအစေ့အဆန်တည်မှု အောင်မြင်မှုသည့် အဆင့်တွင်ရှိသော်လည်း အပွင့်ပွင့်သည့်အဆင့်၌ ကျန်ရှိနေသာ ၂၀% ခန့်သည် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော အပူလှိုင်းကျရောက်မှု အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။

      စိုက်ပျိုးရေး သိပ္ပံပညာရှင်များက အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၏ အထက်၌ရှိသော အခြေအနေတွင် စပါးစိုက်ခင်းများသည် ထိခိုက်ပျက်စီးနိုင်ကြောင်း မှတ်ချက်ပြုထားသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသအများစုတွင် အပူချိန်သည် သတ်မှတ်အပူချိန်ထက် ကျော်လွန်ရောက်ရှိခဲ့သည်။ အနည်းဆုံး နောက်ထပ် ရက်သတ္တတစ်ပတ်ခန့်အထိ အပူလှိုင်း ဆက်ရှိနေနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားရာ လယ်သမားများနှင့် စိုက်ပျိုးရေးရုံးများသည် ယခုနှစ် Boro ရာသီတွင် သီးနှံအမြောက်အများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း သိရပါသည်။

    စပါးပင်များသည် အပွင့်ပွင့်ချိန်၌ အပူဒဏ်ကို ခံနိုင်ရည်မရှိကြောင်း၊ အပူချိန်မြင့်မားမှုသည် စပါးပင်၏ ပုံမှန်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နောက်ပိုင်းကာလတွင် စပါး အစေ့ အဆန်တည်မှုကို ထိခိုက်စေနိုင်ကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနသိပ္ပံရှိ သီးနှံဇီဝ ကမ္မဗေဒဌာနခွဲမှ အကြီးအကဲဖြစ်သူ Md Sazzadur Rahman က ပြောကြားခဲ့သည်။ စပါးပွင့်များသည် အပူချိန် ၃၅ ဒီဂရီ အောက်၌ရှိသော နံနက် ၉ နာရီမှ ၁၁ နာရီအကြားတွင်သာ ဝတ်မှုန်ကူးမှု အကောင်းဆုံးဖြစ်သော်လည်း ပြည်တွင်း၌ နံနက်ပိုင်းအပူချိန်သည် အဆိုပါအပူချိန် သတ်မှတ်ချက်ကို မကြာခဏကျော်လွန်ကာ ပန်းပွင့်များကို ခြောက်သွေ့စေပြီး ဝတ်မှုန်ကူးရန် ခက်ခဲစေကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

     ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ အချက်အလက်များအရ လက်ရှိဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ပျိုးထားရှိမှုမှာ ဟက်တာပေါင်း ၅၀.၅၈ သိန်းရှိပြီး စပါး တန်ချိန် ၂၂.၂ သန်း ထွက် ရှိရန် ရည်မှန်းထားကြောင်း သိရသည်။ လက်ရှိကာလ၌ နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ စိမ့်မြေ ဒေသများတွင် စပါးစိုက်ဧရိယာ၏ ၄၀% ခန့်ကို ရိတ်သိမ်းပြီးဖြစ်သော်လည်း နွေစပါး စိုက်ပျိုးမှု တစ်ရပ်လုံး၏ ရိတ်သိမ်းပြီးစီးမှုနှုန်းသည် ၆.၅% သာရှိသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၁ ခုနှစ် ဧပြီလတွင် အပူလှိုင်းကျရောက်မှု ကာလတစ်ခုအတွင်း အပူချိန် ၃၉ ဒီဂရီအထိ မြင့်တက်ခဲ့ပြီး နွေစပါးစိုက်ပျိုးရာ၌ ပန်းပွင့်များ ခြောက်သွေ့ဖြစ်ပေါ်လျက်  စပါးအထွက်လျော့နည်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: The Business Standard, 27 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)