စပါးစိုက်တောင်သူများသို့ ဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့မည်ဟု ထိုင်းဝန်ကြီး ပြောကြား

Powered by Drupal

    ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ဈေးနှုန်းမတည်ငြိမ်မှု နှင့် ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ဆင်းရဲနွမ်းပါးမှု ကြုံတွေ့နေရသည့် တောင်သူ ၄.၆၈ သန်းအတွက် ဓာတ်မြေသြဇာများ ဝယ်ယူရန် ဘတ်ငွေ ၃၃.၅၃ ဘီလီယံ တောင်းခံသွားမည် ဖြစ်သည်။

    တင်သွင်းလာသော ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ကုန်ကျစရိတ်သည် ဆင်းရဲသည့် တောင်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Thamanat Prompow က ၂၅-၃-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ရည်ရွယ်ထား သည့် လယ်သမားများအနက် ၄.၄၈ သန်းသည် လယ်ယာလုပ်ငန်းအတွက် စီးပွားဖြစ် စိုက်ပျိုးထုတ် လုပ်မှုနည်းလမ်းများကို အသုံးပြုကြပြီး တောင်သူဦးရေ ၂၀၀,၀၀၀ သည် အော်ဂဲနစ်ဆန်စပါးကို စိုက်ပျိုးကြခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    စိုက်ပျိုးစရိတ်လျှော့ချရန်နှင့် သီးနှံအထွက်နှုန်းကို စဉ်ဆက်မပြတ်မြှင့်တင်ရန် ရည်ရွယ် ဆောင်ရွက်သည့် အစီအစဉ်သစ်အရ ဝန်ကြီးဌာနသည် ယခုနှစ်၌ စပါးစိုက်ပျိုးသော အိမ်ထောင်စု တိုင်းအတွက် စိုက်ဧရိယာ ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် မြေသြဇာ ၅၀ ကီလိုဂရမ် နှုန်းဖြင့် အများဆုံး ပမာဏ ရိုင် ၂၀ သို့မဟုတ် ဓာတ်မြေဩဇာ ၁ တန်အထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝန်ကြီး Thamanat က ပြောကြားခဲ့သည်။

    ဤအစီအစဥ်သည် လယ်သမားများ၏ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေသည့် အပြင် လက်ရှိကာလ၌ လယ်သမားများသို့ စပါးစိုက်ဧရိယာ ၁ ရိုင်လျှင် ဘတ် ၁၀၀၀ နှုန်းဖြင့်  အများဆုံး ရိုင် ၂၀ သို့မဟုတ် ဘတ် ၂၀၀၀၀ အထိ ထောက်ပံ့ပေးမှုအတွက် အစိုးရက ၁ နှစ်လျှင် ဘတ်ငွေ ၅၄.၃၀ ဘီလီယံ သုံးစွဲနေရမှုအပေါ် ဘတ်ငွေ ၂၀.၇၇ ဘီလီယံကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ အမျိုးသား ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အစိုးရအဖွဲ့ထံသို့ အစီ အစဉ် အဆိုပြုလွှာ မတင်ပြမီ ဆန်စပါးဦးစီးဌာနသည်  စာရင်းအင်းအချက်အလက်များကို ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: Nation Thailand, 25 March 2024