ဘရူနိုင်းနိုင်ငံ၌ တရုတ်စပ်မျိုးစပါးများ ရိတ်သိမ်း

Powered by Drupal

      ဘရူနိုင်းနိုင်ငံတွင် တရုတ်စပ်မျိုးစပါး စမ်းသပ်စိုက်ကွင်းတစ်ခု၏ သီးနှံရိတ်သိမ်းပွဲ အခမ်းအနားတစ်ရပ်ကို ၁၆-၃-၂၀၂၄ ရက်၊ စနေနေ့၌ ကျင်းပခဲ့ကြောင်း ဘရူနိုင်း သယံဇာတနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

     ဆည်ရေသောက်မဟုတ်သော လယ်မြေများအတွက် စမ်းသပ်စိုက်ပျိုးခဲ့သော စပါးမျိုးကွဲကို Lekiun စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု နယ်မြေဒေသတွင် ရိတ်သိမ်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းစပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် သင့်လျော်သော လေ့လာမှုတစ်ခုအဖြစ် တရုတ်နိုင်ငံမှ အထွက်နှုန်းမြင့်သော စပ်မျိုးစပါးများကို အသုံးပြု၍ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် စပါးမျိုးကွဲ ၃ မျိုး၏ ပျိုးပင်များကို စိုက်ပျိုးခဲ့ကြောင်း ဘရူနိုင်းပြည်တွင်း၌ နေ့စဉ်ထုတ် သတင်းစာဖြစ်သော Borneo Bulletin က ဖော်ပြထားသည်။

     ယခု စပါးရိတ်သိမ်းမှုသည် နှစ်နိုင်ငံအကြား စပ်မျိုးစပါးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန်အတွက် ကောင်းမွန်သော အစပြုမှုတစ်ခုဖြစ်ကြောင်း၊ အနာဂတ်တွင် လည်း တရုတ်နိုင်ငံသည် စပ်မျိုးစပါးမျိုးစေ့များနှင့်ပတ်သက်၍ ကျွမ်းကျင်သော လမ်းညွှန်မှုများနှင့် ပံ့ပိုးကူညီမှုများကိုလည်း ပိုမိုပေးအပ်လျက် ဘရူနိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xiao Jianguo က ပြောကြားခဲ့သည်။

     ဘရူနိုင်း သယံဇာတနှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် လယ်ယာထွက်စားသောက်ကုန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် တရုတ်နိုင်ငံရှိ Hunan Hybrid Rice Research Center နှင့် ပူးပေါင်းလျက် ဘရူနိုင်းနိုင်ငံ၏ ရေမြေရာသီဥတုနှင့် သင့်လျော်သော စပ်မျိုးစပါးများ၊ အထူးသဖြင့် ဆည်ရေသောက်မဟုတ်သော လယ်ယာမြေများ၌ စိုက်ပျိုးရန် သင့်လျော်မည့် စပါးမျိုးများကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း Borneo Bulletin က ဖော်ပြခဲ့သည်။

Source: Urdu Point, 17 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)