ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဆန်တင်ပို့မှုကိစ္စအပေါ် အိန္ဒိယနှင့်ထိုင်း အငြင်းပွား

Powered by Drupal

     ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယသည် အစိုးရ၏ အထောက်အပံ့ပေးအပ်မှုကို အသုံးချပြီး ဆန်များတင်ပို့လျက် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးရန် လုပ်ဆောင်သည်ဟူ၍ ထိုင်းနိုင်ငံမှ စွပ်စွဲမှုကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ထိုင်းနိုင်ငံသံအမတ်ကြီးက အိန္ဒိယနိုင်ငံသည် ၎င်း၏ ဆန်တင်ပို့မှု၌ ကြီးစွာသော အထောက်အပံ့ပေးအပ်မှုပြုလုပ်လျက် နိုင်ငံတကာ ပို့ကုန်ဈေးကွက်တွင် မျှတမှုမရှိသော အခွင့်အရေးကို ရယူလျက်ရှိကြောင်း အစီရင်ခံ စွပ်စွဲပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံဘက်ကမူ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သော ဆန်စပါးစုစုပေါင်း၏ ၄၀% ခန့်ကသာ စားနပ်ရိက္ခာဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် အစိုးရထံမှ အထောက်အပံ့များ ရယူခြင်းဖြစ်သည်ဟု ပြော ကြားလျက် အဆိုပါစွပ်စွဲမှုများအပေါ် အချေအတင် ငြင်းဆိုခဲ့သည်။

   ပြည်ပသို့ဆန်တင်ပို့မှုကို ကန့်သတ်တားမြစ်ထားသော်လည်း အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် အတွင်း ကမ္ဘာ့ဆန်ဈေးကွက်၏ ၂၇% ကို ဝေစုရယူလျက် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သူ နေရာ၌ ဆက်လက်ရပ်တည်နေခဲ့သည်။ ယခုကဲ့သို့ အငြင်းပွားမှုသည် အစိုးရ၏ ရိက္ခာသိုလှောင်မှုနှင့် စိုက် ပျိုးရေးဆိုင်ရာ အထောက်အပံ့ပေးအပ်မှုများနှင့် စပ်လျဉ်းသည့် ပြဿနာကိစ္စရပ်များကို ကမ္ဘာ့ ကုန်သွယ်ရေး ဆွေးနွေးမှုများတွင် ရှေ့တန်းသို့ ရောက်ရှိစေခဲ့ပါသည်။

     အစိုးရ၏ ရိက္ခာသိုလှောင်မှုတွင် ဝယ်ယူ‌ရေး၊ သိုလှောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုအတွက် အရန်ရိက္ခာများကို အစိုးရ၏ အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းတို့ ပါဝင်လျက်ရှိသည်။ နောက်ဆုံးအကြိမ် ကျင်းပခဲ့သော WTO ၏ ဝန်ကြီးများအဆင့် ညီလာခံ၌ အစိုးရ၏ ရိက္ခာသိုလှောင်မှုအတွက် ခိုင်မာ တည်တံ့မှုရှိသည့် ဖြေရှင်းမှုနည်းလမ်းကို ဖော်ထုတ်ရန် အိန္ဒိယနိုင်ငံက တောင်းဆိုထားခဲ့သည်။ အိန္ဒိယ၏ ဆန်တင်ပို့မှုပိတ်ပင်ခြင်းမှ သက်ရောက်မှုကို ကြုံတွေ့ရသည့် အနောက်နိုင်ငံများကမူ အိန္ဒိယအား အစိုးရအထောက်အပံ့ပေးအပ်ထားသည့် ကောက်ပဲသီးနှံများကို ဈေးကွက်တင် ရောင်း ချခြင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုကို ကြိုးကိုင်ချယ်လှယ်သည့် နိုင်ငံတစ်ခုအဖြစ် ပုံဖော်ပြောဆိုလျက်ရှိကြသည်။ သို့သော် လက်ရှိ ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်များသည် ချမ်းသာကြွယ်ဝ သော နိုင်ငံများသို့ ဘက်လိုက်လျက်ရှိပြီး လုပ်နည်းစနစ်အသစ်တစ်ရပ်ကို ထူထောင်ရန် လိုအပ်နေ ကြောင်းဖြင့် အိန္ဒိယအရာရှိများက ကန့်ကွက်ပြောဆိုလျက်ရှိသည်။

    အိန္ဒိယနှင့်ထိုင်း နှစ်နိုင်ငံအကြား အငြင်းပွားမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ သံတမန်ရေးရာတင်းမာမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ဆက်ဆံမှုနှင့် အနာဂတ်ကာလတွင် WTO ၌ စိုက်ပျိုးရေးအထောက်အပံ့ပေးအပ်ခြင်းဆိုင်ရာ ဆွေးနွေးမှုများအပေါ် သက်ရောက်မှု ကြီးမားစွာ ရှိလာမည့်အရေး စိုးရိမ်မှုများအား မြင့်တက်စေလျက်ရှိသည်။

Source: Pakistan Rice, 29 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)