ဆန်တန်ချိန် ၃ သိန်း ပေးသွင်းရန် နိုင်ငံတကာတင်ဒါ အင်ဒိုနီးရှား ခေါ်ယူ

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝယ်ယူရေးအေဂျင်စီဖြစ်သော BULOG အဖွဲ့သည် ဆန်တန်ချိန် ၃၀၀၀၀၀ ဝယ်ယူရန်အတွက် နိုင်ငံတကာတင်ဒါခေါ်ယူသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ဟု ဥရောပကုန်သည်များက ၂၇-၂-၂၀၂၄ နေ့တွင် ပြောဆိုခဲ့ကြကြောင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်လို သည့် ကုန်သည်များအနေဖြင့် မှတ်ပုံတင်စာရင်းပေးသွင်းရမည့် နောက်ဆုံးနေ့မှာလည်း အဆိုပါ နေ့ရက်ပင်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

     ၂၀၂၃ ခုနှစ်၌ စံချိန်တင်ပမာဏအထိ ဆန်အမြောက်အမြား တင်သွင်းခဲ့ပြီးနောက်ပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ်နှင့် ဆက်စပ်ဖြစ်ပေါ်သော ရာသီဥတုခြောက်သွေ့မှုကြောင့် စပါးရိတ်သိမ်းမှု နှောင့်နှေးခဲ့ရသဖြင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၂၄ ခုနှစ်အတွက် နောက်ထပ် ဆန်တန်ချိန် ၁.၆ သန်း တင်သွင်းရန် ကိုတာခွဲတမ်းချထားပေးခဲ့သည်။ ဆန်စပါး အဓိကစိုက်ပျိုးရာ ဒေသဖြစ်သော ဂျာဗားကျွန်းတွင် မိုးရေချိန်မှာ ပုံမှန်အောက် လျော့နည်းရရှိခဲ့ပြီး ဇန်နဝါရီ-မတ် စပါးရိတ်သိမ်းရာသီ ၌ ယခင်နှစ်ထွက်ရှိမှုအောက် စပါးအထွက်ကျဆင်းမည့် အခြေအနေတွင် ယခင်ခွင့်ပြုထားပြီးဖြစ် သော ဆန်တန်ချိန် ၂ သန်း၏နောက်၌ ခွဲတမ်းထပ်မံချထားခဲ့ခြင်းဖြစ်သည်။

    ယခုခေါ်ယူသော တင်ဒါအသစ်၌ ၂၀၂၃-၂၄ ခုနှစ်ထွက် စပါးများအား ၆ လထက် ပိုမိုကြာ မြင့်မှု မရှိသောကာလအတွင်း ကြိတ်ခွဲထုတ်လုပ်ထားသည့် ဆန်ကွဲပါဝင်မှု ၅% အဆင့်ရှိသော ဆန်ဖြူကိုသာ ပေးသွင်းရမည်ဖြစ်ကြောင်း ဥရောပကုန်သည်များက ပြောဆိုခဲ့သည်။

     ရိုက်တာက ထပ်မံဖော်ပြသည့် သတင်းတစ်ပုဒ်တွင် BULOG ၏ ဆန်တန်ချိန် ၃ သိန်း ဝယ်ယူမည့် တင်ဒါ၌ အနိမ့်ဆုံးဈေးနှုန်းဖြင့် ကမ်းလှမ်းမှုမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး သင်္ဘောတင်စရိတ် နှင့် သယ်ယူပို့ဆောင်ခတို့ ပါဝင်ပြီးဖြစ်သော C&F နှုန်းထားသည် ဆန် ၁ တန်လျှင် ၆၅၅ ဒေါ်လာ ဖြစ်သည်ဟု ဥရောပကုန်သည်များက ၂၉-၂-၂၀၂၄ နေ့၌ ပြောကြားကြောင်း ဖော်ပြထားသည်။

    အဆိုပါ တင်ဒါအတွက် ကနဦး ဈေးနှုန်းကမ်းလှမ်းချက်များကို ၂၈-၂-၂၀၂၄ နေ့တွင် တင် သွင်းခဲ့ခြင်းဖြစ်ပြီး မည်သည့်ဈေးနှုန်းဖြင့် ဆန်ပမာဏမည်မျှ ဝယ်ယူသည်ကို အစီရင်ခံစာ ထုတ် ပြန်မှု မရှိသေးပဲ ကုန်သည်များ၏ ခန့်မှန်းချက်သာဖြစ်ကြောင်း သိရှိရသည်။

Source: NASDAQ, 29 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)