အိန္ဒိယနိုင်ငံ၌ ဆီမုန်ညင်း တန်ချိန် ၁၄ သန်းကျော် စံချိန်တင်ထွက်ရှိနိုင်

Powered by Drupal

      အိန္ဒိယနိုင်ငံတွင် သီးနှံရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသော ဆီမုန်ညင်းများ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး ယခုနှစ်၌ တန်ချိန် ၁၄ သန်းခန့်အထိ စံချိန်တင်ထွက်ရှိနိုင်မည့် ခန့်မှန်း ချက်နှင့်အတူ ဈေးနှုန်းများသည်လည်း အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်း ဈေးနှုန်း (MSP) အောက်သို့ ကျဆင်းမှုက တောင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

    အိန္ဒိယ စိုက်ပျိုးရေးသုတေသနကောင်စီက ကျင်းပသော ဗဟိုနှင့် ပြည်နယ် စိုက်ပျိုးရေး တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၏ ညီလာခံဆွေးနွေးပွဲတွင် Bharatpur မြို့ အခြေစိုက် ဆီမုန်ညင်းသုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး PK Rai က ၂၀၂၂-၂၃ ခုနှစ်တွင် ဆီမုန်ညင်းစေ့ တန်ချိန် ၁၂.၆၄ သန်း ထုတ်လုပ်ခဲ့ပြီး ယခုနှစ်၌ တန်ချိန် ၁၃.၁ သန်း ထွက်ရှိရန် အစိုးရက လျာထား ခဲ့ကြောင်း၊ ယခင်နှစ် စိုက်ပျိုးမှုဧရိယာ ဟက်တာ ၉၇.၉၇ သိန်းကို ကျော်လွန်ပြီး ယခုနှစ်တွင် ဟက် တာ ၁၀၀.၄၄ သန်းအထိ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ရာဂျပ်စတန်၏နောက်၌ ဥတ္တာပရာဒေ့ရှ် ပြည်နယ်သည် ဟက်တာ ၁၇.၆ သိန်း စိုက်ပျိုးခဲ့ပြီး ဧရိယာ ၃၂% တိုးတက်ခဲ့ကြောင်း၊ မဟာရဋ္ဌ၊ ဂျားခန်နှင့် အာသံ ပြည်နယ်များတွင်လည်း ဆီမုန်ညင်း စိုက်ဧကများ မြင့်တက်ခဲ့ကြောင်း၊ ဤ အခြေအနေများအရ ယခုနှစ်၌ ဆီမုန်ညင်းစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၄ သန်းအောက် လျော့နည်းမည်မဟုတ်ပဲ စံချိန်တင်ထွက်ရှိမည်ဖြစ်ကြောင်းဖြင့် Hindu Business Line သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းရှိ သီးနှံအဝယ်ဒိုင်များသို့ ဆီ မုန်ညင်းစေ့များ ဝင်ရောက်မှုမှာ တန်ချိန် ၁ သိန်းခန့်ရှိပြီး စိုက်ပျိုးမှုအများဆုံးဖြစ်သော ရာဂျပ် စတန်ပြည်နယ်၌ တန်ချိန် ၄၀၀၀၀ ၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် တန်ချိန် ၂၃၀၀၀ နှင့် ဂူဂျရတ် ပြည်နယ်၌ တန်ချိန် ၁၉၀၀၀ အသီးသီး ဝင်ရောက်ခဲ့သည်။

   ဖေဖော်ဝါရီလ ၁ ရက်မှ ၂၅ ရက်နေ့အတွင်း သီးနှံအဝယ်ဒိုင်များရှိ ဆီမုန်ညင်း ပျမ်းမျှ ဈေးနှုန်းများမှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရာဂျပ်စတန်ပြည်နယ်၌ ၄၈၂၀ ရူပီးနှုန်း၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ၄၅၂၀ ရူပီးနှုန်း၊ ဂူဂျရတ်ပြည်နယ်၌ ၄၈၅၈ ရူပီးနှုန်း အသီးသီး ဖြစ် ပေါ်ခဲ့ပြီး MSP အခြေခံရည်ညွှန်းဈေး ရူပီး ၅၆၅၀ နှုန်း၏ အောက်တွင်ရှိကြောင်း သိရှိရသည်။ Kisan Mahapanchayat တောင်သူလယ်သမားအသင်း၏ ဥက္ကဋ္ဌ Rampal Jat က MSP ဈေးနှုန်း သည် စာရွက်ပေါ်တွင်သာရှိပြီး တောင်သူများအနေဖြင့် ဆီမုန်ညင်း ၁ ကွင်တယ်လျှင် ရူပီး ၁၂၀၀ ခန့် အရှုံးခံ၍ ရောင်းချနေရကြောင်း၊ ဆီမုန်ညင်းအား MSP အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူ ရန် စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီး Arjun Munda ၏ လမ်းညွှန်ချက်ရှိသော်လည်း ဗျူရိုကရက် အရာရှိများသည် အကောင်အထည်ဖော်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

   တောင်သူများသည် ဈေးကောင်းရရှိရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့လက်ဝယ်၌ သီးနှံများကို သိုလှောင်ထားရှိသဖြင့် ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်ခဲ့သော ဆီမုန်ညင်းစေ့ စုစုပေါင်း၏ ၁၅% မှ ၂၀% မှာ ဈေးကွက်သို့ ဝင်ရောက်ခြင်း မရှိခဲ့ကြောင်း၊ အခြားနိုင်ငံများထံမှ ဈေးနှုန်းချိုသာသော စားသုံးဆီများအား အထိန်းအချုပ်မဲ့ တင်သွင်းမှုကြောင့် မုန်ညင်းဆီ စားသုံးမှုကို လျော့ကျစေလျက် ဆီမုန်ညင်းစေ့ ဈေးနှုန်းများ လိုက်ပါကျဆင်းရခြင်းဖြစ်ကြောင်းဖြင့် ကုန်သည်များနှင့် ဆီကြိတ်ခွဲ ထုတ်လုပ်သူများ အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြသည်။

   ဆီပါဝင်မှု ၄၂ ရာခိုင်နှုန်းရှိသော ဆီမုန်ညင်းအား  အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သော ၁ ကွင်တယ်လျှင် ၅၆၅၀ ရူပီးနှုန်းဖြင့် ဝယ်ယူကြိတ်ခွဲ ထုတ်လုပ်ပါက ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ အမှတ်တံဆိပ်ကပ်နှိပ်မှု၊ ဖြန့်ဖြူးမှု၊ သယ်ယူပို့ဆောင်မှုနှင့် ကိုင်တွယ်ထိန်းသိမ်းစရိတ်များ ပါဝင်မှုမရှိပဲ ဆီ ၁ လီတာလျှင် ၁၃၅ ရူပီးနှုန်းခန့် ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ဒေလီပြည်ထောင်စုနယ်မြေအတွင်း လက်လီဈေးကွက်တွင် မုန်ညင်းဆီအား အဆိုပါ ၁ လီတာ ၁၃၅ ရူပီးနှုန်းအောက် ၁၀ ရူပီးခန့် လျော့နည်းသည့်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း Hindu Business Line သတင်း ဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 26 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)