ဘာစမာတီမဟုတ်သော ဆန် ၅ မျိုး၏ အဆင့်အတန်းနှင့် အမှတ်တံဆိပ်သတ်မှတ်မှု စည်းမျဉ်းများ အိန္ဒိယအစိုးရထုတ်ပြန်

Powered by Drupal

          အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အနောက်ဘင်္ဂလားဒေသထွက် ဘာစမာတီ မဟုတ်သော အရည်အသွေးကောင်းမွန်သည့် ဆန်အမျိုးအစား ၅ မျိုးဖြစ်သည့် Gobindabhog ၊ Tulaipanji ၊ Kataribhog ၊ Kalonunia နှင့် Radhunipagal တို့အတွက် ဘာစမာတီမဟုတ်သော ဆန်မွှေးအဆင့်အတန်းသတ်မှတ်ခြင်းနှင့် အမှတ်အသားပြုခြင်းဆိုင်ရာစည်းမျဉ်းများကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

          အဆိုပါကြေညာချက်အရ ဆန်ထုပ်ပိုးမှုလုပ်ငန်း လုပ်ကိုင်ခွင့်ရသူများသည် ဘာစမာတီ မဟုတ်သော ဆန်အမျိုးအစားအတွက် ၄င်းတို့တည်ထောင်ထားသော ကိုယ်ပိုင်ဓာတ်ခွဲခန်း သို့ မဟုတ် အစိုးရ၏ အသိအမှတ်ပြု ခွင့်ပြုချက်ရရှိထားသည့်ဓာတ်ခွဲခန်းများတွင် ဆန်အရည်အသွေး စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

          အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သောကြေညာချက်အရ ထုပ်ပိုးသူများသည် ပြည်တွင်းကုန်သွယ်မှုအတွက် အိန္ဒိယအစားအသောက်လုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင် အဖွဲ့ (FSSAI) ကထုတ်ပြန်သည့် စံချိန်စံညွှန်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့မှုအတွက် Codex Alimentarius Commission သို့မဟုတ် တင်သွင်းသည့်နိုင်ငံများက သတ်မှတ်သည့် ဓာတုဆေးကြွင်း ကန့်သတ်ချက်များအပေါ် လိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထုပ်ပိုးမှု၊ ကုန်အညွှန်းအမှတ်အသားနှင့် ဖော်ပြချက်၊ ထုပ်ပိုးသည့် ကုန်စည်များ တိကျတိုင်းတာမှု စသည့် စားသောက်ကုန် လုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဆန်များကို သင့်လျော်သောထုပ်ပိုးသည့်ပစ္စည်းဖြင့် ထုပ်ပိုးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

          ထုတ်လုပ်မှုလုပ်ငန်းစဉ် (lot or batch) တူညီမှုရှိသော ဆန်ထုပ်ပိုးမှုတွင် စံသတ်မှတ်ထား ရှိသည့် ချိန်တွယ်ခွက်ဖြင့် ထည့်သွင်းထုပ်ပိုးရမည်ဖြစ်ပြီး ဆန်အဆင့်အတန်း ဖော်ပြချက် ပါရှိသည့် ကုန်အမှတ်တံဆိပ်၌ အသေးစိတ်အချက်အလက်များကို ဖော်ပြရမည်ဖြစ်ပါသည်။ ထုပ်ပိုးထားရှိ သော ဆန်အိတ်တိုင်းတွင် အမျိုးအစားနှင့် အဆင့်အတန်း ၂ ခုလုံးတူညီသည့်ဆန်များ ပါဝင်ရမည် ဖြစ်သည်။

          အဆိုပါဆန် ၅ မျိုး၏ သန့်စင်မှုကို သေချာခိုင်မာစေရန်အတွက် ဘာစမာတီဆန်ကဲ့သို့ပင် ဆန်မျိုးကွဲစစ်မှန်ကြောင်း အတည်ပြုသည့် Polymerase Chain Reaction Test စမ်းသပ် စစ်ဆေးမှု လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          ဆန်အမျိုးအစား တစ်ခုစီတိုင်းအတွက် အရည်အသွေးအဆင့်အတန်း သတ်မှတ်ရာတွင် အနိမ့်ဆုံးလိုအပ်ချက်များဖြစ်သည့် ဆန်လုံးပု သို့မဟုတ် လုံးရှည်အမျိုးအစား၊ သဘာဝ အမွှေးရနံ့ များပါဝင်မှု၊ ဆန်၏ မချက်မီနှင့်ချက်ပြုတ်ပြီး ဝိသေသလက္ခဏာများ စသည့် အသေးစိတ်အချက် များအပြင် ဆန်၏အရောင်ကို တုပဖန်တီးပြုလုပ်မှုများ၊ အရောင်တင်ပစ္စည်းများ၊ အမွှေးရနံ့အတု များနှင့် အခြားဓာတုပစ္စည်းများ ပါဝင်ခြင်းတို့မှ ကင်းလွတ်ရမည့်အချက်များကိုလည်း အိန္ဒိယ အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

Source: The Hindu Business Line, 5 February, 2024