ကုန်သည်များ၏ ဆန်လက်ကျန်ပမာဏ အပတ်စဉ်ထုတ်ဖော်ကြေညာရန် အိန္ဒိယအစိုးရညွှန်ကြား

Powered by Drupal

          အိန္ဒိယနိုင်ငံ၌ ဆန်နှင့်စပါးဈေးနှုန်းများ မြင့်တက်နေသဖြင့် သိုလှောင်ဈေးကစားမှုများကို ဟန့်တားနိုင်ရန် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများရှိ လက်လီရောင်းချသူများနှင့် လက်ကားရောင်းချသူများ အပါအဝင် ဆန်ကြိတ်ခွဲထုတ်လုပ်သူများနှင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ ဆန်ကုန်လက်ကျန်ပမာဏများကို စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ရောင်းချ ဖြန့်ဖြူးရေးဝန်ကြီးဌာန လက်အောက်ရှိ စားနပ်ရိက္ခာနှင့် ပြည်သူရောင်းချဖြန့်ဖြူးရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက် Portal တွင် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဖော်ကြေညာသွားရန် အစိုးရက ၂-၂-၂၀၂၄ နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါညွှန်ကြားချက်အရ ဆန်နှင့်စပါး ကုန်လက်ကျန်ပမာဏများကို အမျိုးအစားအလိုက် ဆန်ကွဲ၊ ဘာစမာတီမဟုတ်သော ဆန်ဖြူ၊ ပေါင်းဆန်၊ ဘာစမာတီဆန်နှင့် စပါးစသည်ဖြင့် ခွဲခြား၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးသည့်နေ့မှစ၍ (၇) ရက်အတွင်း ကြေညာသွားရမည်ဖြစ်ပါသည်။

          လတ်တလောလများအတွင်း ကမ္ဘာ့ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး စပါးဈေးနှုန်း များမှာလည်း လွန်ခဲ့သည့်လများအတွင်း အိန္ဒိယနိုင်ငံ၏ အချို့ပြည်နယ်များဖြစ်ကြသော Tamil Nadu နှင့် Karnataka တို့တွင် ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ ယခုနှစ် မိုးသီးနှံရာသီ ကာလတွင် ဆန်အထွက်နှုန်းကောင်းမွန်ခြင်း၊ အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်းတွင် ကုန် လက်ကျန်များစွာရှိခြင်းနှင့် ဆန်ရောင်းဝယ်မှုနှင့် ပို့ကုန်ကန့်သတ်ချက်များရှိခြင်းတို့ဖြစ်ပေါ်နေ သော်လည်း ပြည်တွင်းဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိနေပါသည်။ လွန်ခဲ့သောနှစ်အတွင်း ဆန်လက်လီဈေးနှုန်းများမှာ ၁၄.၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာ၊ စားနပ်ရိက္ခာ နှင့် ပြည်သူရောင်းချဖြန့်ဖြူးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ၌ ဆန်နှင့်ဂျုံဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုများ မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် အမျိုးသားစာရင်းဌာနမှ ထုတ်ပြန်သော နောက်ဆုံး စားသုံးသူဈေးဆနှုန်းအညွှန်းကိန်း အချက်အလက်များအရ ကောက်ပဲသီးနှံများမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလတွင် ၉.၉၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

          ဈေးကွက်ဖွင့်ရောင်းချမှု အစီအစဉ်အရ ကုန်သည်များနှင့် လက်ကားရောင်းချသူများသို့ ဆန် ၁ ကီလိုဂရမ်လျှင် ရူပီး ၂၉ နှုန်းဖြင့် လျာထားသတ်မှတ်၍ ကမ်းလှမ်းရောင်းချပေးလျက် ရှိကြောင်းနှင့် အရည်အသွေး ကောင်းမွန်သောဆန်များကို အိန္ဒိယ စားသောက်ကုန် ကော်ပိုရေးရှင်း တွင် လုံလောက်စွာ ဝယ်ယူရရှိနိုင်ကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          ဗဟိုအစိုးရသည် “Bharat Rice” အမှတ်တံဆိပ်ဆန်ကို တူညီသောဈေးနှုန်းဖြင့် လက်လီ ရောင်းချပေးခဲ့ပြီး ဈေးနှုန်းဖောင်းပွမှုကို ထိန်းသိမ်းခဲ့ကြောင်း၊ ပထမအဆင့်တွင် ဆန်တန်ချိန် ၅ သိန်းကို လက်လီရောင်းချရန် ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း  စားနပ်ရိက္ခာဝန်ကြီးဌာနမှ အတွင်းဝန် Sanjeev Chopra က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

          Bharat Rice အမှတ်တံဆိပ်ကို  ဖက်စပ်လုပ်ငန်း ၃ ခုဖြစ်သည့် အမျိုးသား လယ်ယာ ထွက်ကုန် သမဝါယမဈေးကွက်အသင်းချုပ်၊ အမျိုးသား စားသုံးသူများ သမဝါယမ အသင်းချုပ်နှင့် Kendriya Bhandar သမဝါယမအသင်း တို့မှတစ်ဆင့် ၅ ကီလိုဂရမ်နှင့် ၁ဝ ကီလိုဂရမ်ဝင် အိတ် များဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အခြားသော လက်လီရောင်းချသည့် နေရာများဖြစ်သည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စင်္ကြန်များမှတစ်ဆင့်လည်း များမကြာမီ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Deccan Herald, 3 February, 2024