စပါးစိုက်ပျိုးမှု လျှော့ချ၍ အခြားသီးနှံများ တိုးချဲ့စိုက်ပျိုးမည်ဟု ကိုရီးယားအစိုးရ ပြောကြား

Powered by Drupal

          တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း ဆန်ရောင်းလိုအားကို အသင့်လျော်ဆုံး အနေ အထားဖြင့် ဈေးနှုန်းများကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသစပါးများအား ဟက်တာ ၂၆၀၀၀ ခန့် လျှော့ချ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၄ ခုနှစ်အတွက် စံသတ်မှတ်ထားရှိသင့်သည့် စပါးစိုက်ဧရိယာ ပမာဏသည်  ဟက်တာ ၆၉၉၀၀၀ ခန့်ရှိကြောင်း အစိုးရ၏ ဆန်းစစ်လေ့လာ တွေ့ရှိချက်အရ ယခုကဲ့သို့ စပါးစိုက်ဧရိယာ လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၇-၂-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။

          အစိုးရ၏ သီးနှံစိုက်ပျိုးရေး လျာထားချက်တွင် စပါးစိုက်ပျိုးမှု လျှော့ချမည့် မြေနေရာ၌ ပဲမျိုးစုံနှင့် ပြောင်းတို့ကဲ့သို့သော အခြားသီးနှံများကို ဟက်တာ ၁၅၁၀၀ အထိ ပြောင်းလဲစိုက်ပျိုးနိုင် ရန် တောင်သူများသို့ စည်းရုံးဆောင်ရွက်မည်ဖြစ်သည်။ အစိုးရအနေဖြင့် စပါးအစား ပဲမျိုးစုံကို တိုးချဲ့စိုက်ပျိုးသော လယ်သမားများသို့ စိုက်ပျိုးစရိတ် တိုးမြှင့်ထောက်ပံ့မှုပေးမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်၌ သီးနှံစိုက်ဧရိယာ ၁ ဟက်တာလျှင် ဝမ်ငွေ ၁ သန်း (၇၅၃ အမေရိကန်ဒေါ်လာ) နှုန်းထားဖြင့် ပံ့ပိုးခဲ့ရာမှ ယခုနှစ်တွင် ဝမ်ငွေ ၂ သန်းနှုန်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

          စပါးစိုက်ပျိုးမှု ဧရိယာပမာဏကို လျှော့ချလျက် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုကို အသင့် တင့်ဆုံး အခြေအနေသို့ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းများ တည်ငြိမ် မှုကို ရရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုမှ ပိုလျှံသည့် ဆန်စပါးများကို အစိုးရက ဝယ်ယူရ သည့် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးဌာန က ဖော်ပြပါသည်။ 

          ကိုရီးယားလူမျိုးများအတွက် ဆန်သည် အဓိကအစားအစာဖြစ်သော်လည်း အာဟာရ ရှုထောင့်အရ အတိုင်းအချင့်ဖြင့် စားသုံးမှုပြုသည့် အလေ့အထများ ပြောင်းလဲလာသည့်အလျောက် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ဆန်စားသုံးမှုမှာ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ၂၀၂၃ ခုနှစ် အတွင်း တောင်ကိုရီးယား နိုင်ငံသားတစ်ဦးချင်း၏ ပျမ်းမျှဆန်စားသုံးမှုမှာ ၅၆.၄ ကီလိုဂရမ်ရှိပြီး ယခင်နှစ် စားသုံးမှုအောက် ၀.၃ ကီလိုဂရမ် သို့မဟုတ် ၀.၆% ကျဆင်းခဲ့ကြောင်း ကိုရီးယား စာရင်း အင်းဌာန၏ အချက်အလက်များအရ သိရှိရသည်။

          အဆိုပါ ပျမ်းမျှဆန်စားသုံးမှုနှုန်းထားသည် ဆက်စပ်သည့် ကိန်းဂဏန်းအချက်အလက်များ အား အစိုးရက မှတ်တမ်းတင်ပြုစုမှု စတင်ခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ကျဆုံးဖြစ် ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလ၌ နိုင်ငံသားတစ်ဦး ၁ နှစ် ပျမ်းမျှဆန်စားသုံးမှု ၁၂၂.၁ ကီလိုဂရမ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်အတွက် စားသုံးမှုနှုန်းသည် ထက်ဝက်ခန့်သာရှိကြောင်း သိရှိရပါသည်။

Source: Yonhap News Agency, 7 Feb 2024