အိန္ဒိယအစိုးရ၏ ပဲစင်းငုံဝယ်ယူရေးလုပ်ငန်းစဉ်၌ ပါဝင်ရောင်းချလိုသူ နည်းပါး

Powered by Drupal

          အိန္ဒိယနိုင်ငံ၌ ဗဟိုအစိုးရ၏ ပြင်ပပေါက်ဈေးဖြင့် ပဲစင်းငုံ အရန်ရိက္ခာဝယ်ယူမှု အစီအစဉ် သည် ဈေးနှုန်းမြင့်တက်မှုကို အထောက်အပံ့ပြုသော်လည်း တောင်သူများထံမှ အားတက်သရော ကြိုဆိုမှုကိုမရရှိပဲ တုံ့ပြန်မှုအနည်းမျှကိုသာ လက်ခံရရှိသည်ဟု လေ့လာဆန်းစစ်သူများက ပြော ဆိုကြောင်း သိရှိရပါသည်။

          လုပ်ကွက်ငယ်တောင်သူများသည် ပုဂ္ဂလိက ကုန်သည်များသို့သာ ၎င်းတို့၏ထုတ်ကုန်များ ကို ဆက်လက်ရောင်းချလျက်ရှိကြောင်း၊ တောင်သူကြီးများကမူ အသစ်ထွက်ရှိလာသည့် သီးနှံများ ဈေးကွက်အတွင်း ပြတ်လပ်ဖွယ်ရှိမှုနှင့် ဈေးနှုန်းခိုင်မာမှုရှိသည့် အခြေအနေအရ ၎င်းတို့လက် ဝယ်ရှိ ပဲစင်းငုံများကို ရောင်းချခြင်းမပြုပဲ သိုလှောင်ထိန်းသိမ်းလျက်ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

          လက်ရှိကာလတွင် အစိုးရ၏ ဝယ်ယူရေးအေဂျင်စီဖြစ်သော အမျိုးသားလယ်ယာထွက်ကုန် သမဝါယမဈေးကွက် အသင်းချုပ် (NAFED) သည် မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များ၌ ပဲစင်းငုံများကို ဝယ်ယူလျက်ရှိသည်။ ကုန်သည်အသိုင်းအဝိုင်း၏ ပြောဆိုမှုအရ ယခင်သီတင်းပတ် အထိ ပဲစင်းငုံကုန်ကြမ်း တန်ချိန် ၂၀၀၀ ခန့်မျှသာ ဝယ်ယူရရှိထားကြောင်း သိရှိရသည်။

          ဝယ်ယူရေးလုပ်ဆောင်သည့် နေ့ရက်မတိုင်မီ ၃ ရက်တာကာလ၌ ဖြစ်ပေါ်ခဲ့သော ပျမ်းမျှ ဈေးနှုန်းများအပေါ် အခြေခံတွက်ချက်သော ပြောင်းလဲမှုရှိသည့် ဈေးနှုန်းတွက်ချက်မှုစနစ်နှင့်အတူ အရည်အသွေးစံသတ်မှတ်ချက် တင်းကျပ်မှုရှိခြင်း၊ အစိုးရအေဂျင်စီသို့ ရောင်းချရာ၌ ရုံးလုပ်ငန်းစဉ် များပြားခြင်း၊ ပုဂ္ဂလိကသို့ ရောင်းချမှုမှာ ငွေပေးချေမှုလွယ်ကူခြင်း စသည့် အချက်များက အစိုးရထံ ပဲစင်းငုံများရောင်းချရန် တောင်သူများ၏ စိတ်ပါဝင်စားမှုကို လျော့ကျစေခြင်းဖြစ်သည်ဟု လေ့လာ ဆန်းစစ်သူများက ပြောဆိုခဲ့ကြသည်။

          မဟာရဋ္ဌပြည်နယ် Akola ဒေသအခြေစိုက် ပဲခွဲစက်လုပ်ငန်းရှင် Rupesh Rathi က အစိုးရ ၏ ပြောင်းလဲတွက်ချက်ဝယ်ယူသော ဈေးနှုန်းသည် ပြင်ပဈေးကွက်ပေါက်ဈေးအောက် ၁ ကီလို ဂရမ်လျှင် ၃ ရူပီးမှ ၄ ရူပီးအထိ နိမ့်ကျမှုရှိကြောင်း၊ သို့ဖြစ်ရာ တောင်သူများသည် ၎င်းတို့၏ ပဲစင်းငုံ ထုတ်ကုန်များကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီသို့ ရောင်းချခြင်းမပြုပဲ ပုဂ္ဂလိကကုန်သည်များ ထံ သို့သာ ရောင်းချရန် ရွေးချယ်လာကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Economic Times, 7 Feb 2024