၂၀၂၃-၂၄ ခုနှစ်၌ တရုတ်နိုင်ငံ၏ ပြောင်းသီးနှံထုတ်လုပ်မှု မြင့်မားဖွယ်ရှိ

Powered by Drupal

          တရုတ်နိုင်ငံတွင် စိုက်ပျိုးဧရိယာ ပိုမိုများပြားပြီး မိုးရွာသွန်းမှုပိုမိုများပြားလာခြင်းကြောင့် ၂၀၂၃-၂၄ ကာလအတွက် ပြောင်းထုတ်လုပ်မှု တန်ချိန် ၂၈၈.၈ သန်းထွက်ရှိနိုင်ပြီး ၄.၂% ခန့် တိုးတက်ဖွယ်ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုအဖွဲ့ (FAS) ၏ အစီရင်ခံစာအရ သိရှိရပါသည်။

          တိရစ္ဆာန်အစာအပါအဝင် ပြောင်းလက်ကျန်အရေအတွက် တန်ချိန် ၂၂၃ သန်းခန့်ရှိနိုင်ကြောင်း၊ ပြည်တွင်းပြောင်းဈေးနှုန်းနှင့် ပြည်ပမှတင်သွင်းသောပြောင်းဈေးနှုန်းများ ကျဆင်းလာသည့်အတွက် တိရစ္ဆာန်အစာကြိတ်စက်များသည် ပြည်တွင်းရောင်းလိုအား ပိုမိုများပြားသည့် ပြောင်းနှင့် ပိုမိုရောနှောနိုင်လာဖွယ်ရှိကြောင်း FAS အဖွဲ့မှ ပြောကြားခဲ့ပါသည်။

          ပြောင်းအခြေခံထုတ်ကုန် အီသနောထုတ်လုပ်ခြင်းမှ အကျိုးအမြတ်များပြားလာသဖြင့် စက်မှုလုပ်ငန်းသုံး ပြောင်း၀ယ်လိုအားမှာ ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၁ သန်းခန့် မြင့်တက် လာနိုင်ကြောင်းနှင့် ပြောင်းဖူးကစီဓာတ်ထုတ်စက်ရုံများသည် ၂၀၂၃ ခုနှစ် နောက်ဆုံး သုံးလပတ် တွင် ပျမ်းမျှ ၅၈% ခန့် စက်ရုံလုပ်ငန်းလည်ပတ်နိုင်ခဲ့ပြီး တတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၇% တိုးတက်မှုရှိကြောင်း သိရှိရပါသည်။

          ၂၀၂၃-၂၀၂၄ ကာလအတွင်း စားသောက်ကုန်လုပ်ငန်းအပါအဝင် စက်မှုလုပ်ငန်းသုံး အီသနော စက်ရုံများ၏ စက်ရုံလည်ပတ်စွမ်းအားသည် ယခင် ၂ နှစ်တာကာလနှင့်နှိုင်းယှဉ်ပါက လည်ပတ်စွမ်းအား ပိုမိုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆက်လက်ပြောကြားပါသည်။         ပြောင်းတင်သွင်းမှုမှာ ယခင်ခန့်မှန်းထားသည့် ပမာဏမှ တန်ချိန် ၃ သန်း လျှော့ချလျက် တန်ချိန် သန်း ၂၀ ခန့်သာ ရှိမည်ဟု ခန့်မှန်းရကြောင်း၊ စျေးနှုန်းများကျဆင်းနေခြင်းကြောင့် ၀င်ငွေ ကျဆင်းမှု မဖြစ်ပေါ်စေရန် ပြောင်းတင်သွင်းမှုကို ရပ်ဆိုင်းပေးရေး တောင်သူလယ်သမားများက တောင်းဆိုကြကြောင်း သိရှိရသည်။

          ၂၀၂၃-၂၄ ကာလတွင် တရုတ်နိုင်ငံ၏ ဂျုံထွက်ရှိမှုတန်ချိန် ၁၃၆. ၆ သန်းရှိနိုင်ပြီး ရိတ်သိမ်း ချိန်မတိုင်မီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဓိကစိုက်ပျိုးသောဒေသများတွင် ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ယခင်နှစ်ထက် တန်ချိန် ၁.၁ သန်း ရာခိုင်နှုန်းအားဖြင့် ၀.၈% ခန့် ကျဆင်းခဲ့ကြောင်း၊ ဂျုံစိုက်ပျိုးဧက ၀.၅% ခန့်တိုးတက်လာသော်လည်း အထွက်နှုန်း ၁.၃% ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျုံတင်သွင်းမှုတန်ချိန် ၁၂.၅ သန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားရှိပြီး ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်တွင် တင်သွင်းမှုပမာဏ စံချိန်တင်မြင့်တက်ခဲ့ရာ စုစုပေါင်း တန်ချိန် ၇ သန်းခန့်ရှိပြီး သြစတြေးလျ၊ ကနေဒါတို့မှ တန်ချိန် ၂ သန်းနှင့် အမေရိကန်မှ တန်ချိန် ၉၀,၀၀၀ ခန့် ပါဝင်ခဲ့ ကြောင်း FAS မှ ဆက်လက်ပြောကြားပါသည်။

Source: World-Grain.com, 26 Jan 2024