တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်း

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ နွားစားငုတ်ကျေးရွာနေ ပြည်သူများသည် လက်မှုလုပ်ငန်းဖြစ်သော တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်း လုပ်ငန်းကို ယခင်က ကျေးရွာတစ်ရွာလုံး မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြရာမှ ယခုအခါ အကျိုးအမြတ်နည်းပါးခြင်း၊ ဝယ်ယူအသုံးပြုမှုနည်းပါးခြင်း၊ အခြား လုပ်ငန်းဖြစ်သော ပန်းရံ၊ လက်သမား၊ ဆံပင်ကျွတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြခြင်းတို့ကြောင့် တောင်း၊ဆန်ကော၊ ဆန်ကာယက်လုပ်ခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရှိရပါသည်။ သို့သော် အပိုဝင်ငွေ ရရှိသည့် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ ရှိကြောင်း သိရှိရပါသည်။

          တောင်း၊ဆန်ကော၊ဆန်ကာများ ယက်လုပ်ရန် ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ထမ်းလျှော်နှင့် ကြိမ်များ ကိုဝယ်ယူအသုံးပြုရပါသည်။ ဝါးများကို နီးစပ်ရာဝါးအရောင်းဆိုင်များတွင် ဝယ်ယူကြရပြီး ထမ်းလျှော်နှင့်ကြိမ် များကို နီးစပ်ရာ(၅) ရက်တစ်ပတ်စျေးများတွင် ဝယ်ယူကြပါသည်။ ဝါး(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ ထမ်းလျှော် (၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြိမ်(၁)လုံး (၅၀၀) ကျပ် စျေးရှိပါသည်။

          ယက်လုပ်သောပစ္စည်း အမျိုးအစားများမှာ ၁၆ ပြည့်ဝင် တောင်းကြီး(ကြမ်း/ချော)၊၈ပြည်ဝင် ခွဲတောင်း (ချော)၊ ဆန်ကော(ကြမ်း)၊ ဆန်ကာ(ကြမ်း)၊ ပွဲတင်တောင်း(ကြမ်း) ဟူ၍ ယက်လုပ်ကြပါသည်။ တောင်းကြီး (ကြမ်း) တစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၀၀၀)ကျပ် ခန့်ကုန်ကျပြီး ရောင်းရငွေ (၂၅၀၀)ကျပ်ရရှိသဖြင့် တစ်လုံးလျှင် လုပ်အားခငွေ (၁၅၀၀)ကျပ် ရရှိကြောင်း၊ တနေ့လျှင် ၂ လုံးခန့် ပြီးစီးအောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ တောင်းကြီးချောတစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၈၀၀) ခန့် ကုန်ကျပြီး ရောင်းရငွေ(၃၅၀၀) ကျပ်ရရှိ၍ တစ်လုံးလျှင် (၁၇၀၀) ကျပ်ရရှိကြောင်း၊တနေ့လျှင် ၂ လုံးပြီးစီး အောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၄၀၀) ကျပ်ခန့်ရရှိ တောင်း၊ဆန်ကော၊ဆန်ကာများသည်လည်း တနေ့ (၅)ချပ် ပြီးစီးအောင်ယက်လုပ်ရောင်းချ နိုင်သော်လည်း တစ်ရက်လုပ်အားခ (၃၀၀၀) ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

          စျေးကွက်အနေဖြင့် ထွက်ရှိလာသော တောင်း၊ဆန်ကော၊ဆန်ကာများကို မိတ္ထီလာမြို့ စည်အင်သာယာ စျေးသို့လည်ကောင်း၊ (၅) ရက် တစ်ပတ်စျေးများတွင်လည်းကောင်း၊ တောင်သူလုပ်ငန်း အသုံးပြုရန်အတွက် ရွာသို့လာရောက်ဝယ်သူများထံသို့လည်ကောင်း ရောင်းချရကြောင်းသိရှိရပါသည်။

          တောင်း၊ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် အကျိုးအမြတ် ရရှိလာမှုနည်းသည်ဟု ယူဆဖွယ် ရှိသော်လည်း ဒေသခံများအနေဖြင့် အပိုဝင်ငွေ ရရှိရေးအတွက် ၎င်းတို့၏ မိရိုဖလာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)