မြန်မာ့ဆန်စပါးကဏ္ဍတွင် ပြည်ပတင်ပို့မှု တိုးမြှင့်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေး

Powered by Drupal

                    မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ပြည်ပတင်ပို့မှုမှ ဝင်ငွေတိုးမြှင့်ရရှိရေးနှင့် ပြည်တွင်း ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်လည်းဖြစ်ရာ ဆန်တင်ပို့မှုပမာဏ တိုးမြှင့်ရန် ရည်မှန်းချက်များ ချမှတ်ထားသကဲ့သို့ ဆန်အရည်အသွေး ထိန်းသိမ်း ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေးကိုလည်း အလေးထား ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။

           မြန်မာနိုင်ငံသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အစဉ်အလာရှည်လျားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပဈေးကွက်သို့လည်း ဆန်နှင့် ဆန်ကွဲများ တင်ပို့ ရောင်းချလျက် ရှိသည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပဈေးကွက်ဝေစု တိုးချဲ့နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့မှာ အရေးပါသည့် လုပ်ငန်း စဉ်များဖြစ်လာသည်။

          မြန်မာနိုင်ငံအနေဖြင့် ၂၀၂၈ ခုနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ဝင်ငွေရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ ယင်းရည်မှန်းချက် ပြည့်မီစေရန် နှစ်စဉ် ဆန်တင်ပို့မှုပမာဏကို တန်ချိန် ၄ သန်းမှ ၅ သန်းအထိ တိုးမြှင့်နိုင်ရေးနှင့် ဆန်တင်ပို့မှုဇုန် ဧရိယာများ တိုးချဲ့ဖော်ဆောင်ရေးတို့ကို စီစဉ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

           ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ သန်း တင်ပို့နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရည်မှန်းထားကြောင်းလည်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကုန်အထိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၈၄၈,၂၇၈ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၁ သန်း ရရှိခဲ့သည်။

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၄၈,၅၄၈ တန်ကို ကုမ္ပဏီ ၄၈ ခုက ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အဆိုပါ တင်ပို့မှုတွင် အရည်အသွေးမြင့် ဆန်ဖြူတန်ချိန် ၁၂၁,၀၅၈ တန်၊ ပေါင်းဆန်တန်ချိန် ၄,၇၇၃ တန်၊ ဆန်ကွဲအမျိုးအစားတစ်မျိုး တန်ချိန် ၄,၈၄၆ တန်နှင့် B အဆင့် ဆန်ကွဲတန်ချိန် ၁၇,၈၇၂ တန် ပါဝင်ခဲ့သည်။

          ဩဂုတ်လအတွင်း မြန်မာ့ဆန်နှင့် ဆန်ကွဲကို အများဆုံးဝယ်ယူခဲ့သည့် နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး တန်ချိန် ၁၀၆,၅၁၂ တန် ဝယ်ယူခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ စပိန်၊ နယ်သာလန်၊ ချက်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း သိရသည်။

      ယင်းအချက်အလက်များအရ ဖိလစ်ပိုင်ဈေးကွက်သည် မြန်မာ့ဆန်တင်ပို့မှုအတွက် အရေးပါ သည့် ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ သို့သော် ပြည်ပဝယ်လိုအား၊ ပြိုင်ဘက် နိုင်ငံများ၏ ဆန်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များသည် မြန်မာ့ဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်သည့် အချက်များဖြစ်သည်ကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။

ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စည်းမျဉ်းများ ထုတ်ပြန်

     ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် မြန်မာ့ပေါ်ဆန်းဆန်အပါအဝင် ပြည်ပတင်ပို့မှု တိုးမြှင့် ရေးတို့အတွက် ဆန်ကုန်သွယ်မှုလုပ်ငန်းစဉ်များကို စနစ်တကျဖြစ်စေရန် လမ်းညွှန်ချက်များ ထုတ်ပြန် ထားပြီးဖြစ်သည်။ဆန်ကုန်သည်များအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရန်နှင့် ဆန်ဈေးနှုန်းမြင့်တက်စေရန် ရည်ရွယ်သည့် ပုံမှန်မဟုတ်သော အရောင်းအဝယ် လုပ်ငန်းစဉ်များကို ရှောင်ကြဉ်ရန်နှင့် လက်ကားဆန်ဈေးကွက်များအတွင်း ဆန်အဝင်အထွက်စာရင်းများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်၊ သတ်မှတ်ထားသည့် ပုံစံအတိုင်း သက်ဆိုင်ရာဈေးကွက်များသို့ နေ့စဉ် တင်ပြ ရန်နှင့် ဂိုဒေါင်များကို Myanmar Rice Online (MyRo) စနစ်တွင် မှတ်ပုံတင်ထားရန်လည်း နေ့စဉ်ထုတ်သတင်းစာများတွင်လည်းကောင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့်များသို့ လည်းကောင်း အသိပေး ထုတ်ပြန်ထား ရှိပြီးဖြစ်ပါသည်။

       ယင်းကဲ့သို့ ဆန်ကုန်သွယ်မှုလုပ်ငန်းစဉ်များကို စနစ်တကျ ထိန်းကျောင်းခြင်းသည် ဈေးကွက် အတွင်း အရောင်းအဝယ်အခြေအနေကို ပိုမိုရှင်းလင်းစေပြီး ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပို့ကုန်လုပ်ငန်း များ ပိုမိုထိရောက်စေရေးတို့အတွက် အရေးပါသည့်အတွက် ဆန်ကုန်သွယ်မှုဖွံ့ဖြိုးရေး အတွက်  ပိုမို ထိရောက် သည့်ကဏ္ဍတွင်ပါဝင်နေသည်လည်းဖြစ်သည်။

ထုတ်လုပ်မှု၊ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း

   ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၂၆-၂၀၂၇ ခုနှစ် စပါးထုတ်လုပ်မှုသည် တန်ချိန် သန်း ၃၀ ခန့်ရှိနိုင်ပြီး ပျမ်းမျှထက် အနည်းငယ်မြင့်မားနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ်မြင့်မားမှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကြောင့် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်းလည်း သတိပြု ဖော်ပြ ထားသည်။

        ထို့ကြောင့် မြန်မာ့ဆန်စပါးကဏ္ဍ ရေရှည်တိုးတက်ရေးအတွက် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရုံ သာမက ဆန်အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချ နိုင်ရေး၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်ရေးတို့ကိုပါ အလေးထား ဆောင်ရွက် ရန် လိုအပ်သည်။အလားတူ မြန်မာ့ပေါ်ဆန်းဆန်ကဲ့သို့ အရည်အသွေးနှင့် အနံ့အရသာ ထူးခြားသည့် ဆန်အမျိုးအစားများကို နိုင်ငံတကာဈေးကွက်တွင် ပိုမိုထင်ရှားလာစေရန် အမှတ်တံဆိပ်မြှင့်တင်ရေး၊ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီစေရေးနှင့် ဈေးကွက်သစ်များ ရှာဖွေဖော်ထုတ်ရေးတို့မှာလည်း အရေးပါလာသည်။

          မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက်  ပြည်ပတင်ပို့မှုတိုးမြှင့်ရေးနှင့် ဈေးကွက် တည်ငြိမ်ရေး တို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ရမည့် ကာလတစ်ခုဖြစ်သည်။ ရည်မှန်းထားသည့် ပို့ကုန်ဝင်ငွေများ ရရှိ စေရန် အတွက် စိုက်ပျိုးသည့်တောင်သူ ၊ ကုန်သည်/ပွဲစား ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးထိန်းသိမ်းမှုနှင့် နိုင်ငံတကာဈေးကွက် အခြေ အနေများကို လိုက်လျောညီထွေ တုံ့ပြန်နိုင်မှုတို့သည် လည်း မြန်မာ့ ဆန်စပါး   ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ တွင် အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

DOCA(မန္တလေး)