မုံရွာခရိုင်အတွင်းရှိ ဆီများ စားသုံးမှုများလာပြီး ဆီစက်များပုံမှန်လည်ပတ်နေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ ဆီစက်လုပ်ငန်းရှင်များသည် ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် စုစုပေါင်းဆီစက်၏ ၁၀% သာလည်ပတ်နိုင်ကြသော်လည်း ယခု(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆီဈေးကွက်အခွင့်အလမ်းပေါ်ပေါက်လာ၍ ဆီစက်စုစုပေါင်း၏ ၅၀% အထိလည်ပတ်လာနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါသည်။
မုံရွာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ဧက (၃၀၀၀၀၀) ကျော်ခန့် စိုက်ပျိုးပြီး ဆီစက်အရေအတွက် (၁၄၅)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။
ခရိုင်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုအရ မုံရွာခရိုင်သည် ဆီလိုအပ်ချက်ပြည့်မီပြီး စားသုံးမှုပိုလျှံသည့် ခရိုင်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင်လည်း ဆီထွက်သီးနှံများကို ဝယ်လိုအား မြင့်မားမှုကြောင့် တရုတ်ဝယ်လက်များနှင့် ဈေးနှုန်းယှဉ်ပြိုင်ဝယ်ယူပြီး သိုလှောင်ကြိတ်ခွဲ ထုတ်လုပ်ရောင်းချသည့်အတွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းကြီးမြင့်လာပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချရန် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။ ၂၀၂၁ခုနှစ် စက်တင်ဘာလနောက်ပိုင်း စားအုန်းဆီဈေးနှုန်းမြင့်မားလာပြီး ဒေသထွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသောကြောင့် အခြေခံလူတန်းစား များသည် ကျန်းမာရေးနှင့် ညီညွတ်သော ဒေသထွက်ဆီများကို ဝယ်ယူစားသုံးလာကြသည်။
အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆောင်းမြေပဲထွက်ရှိပြီး ယခုနှစ်တွင် တရုတ်ဈေး ကွက်သို့ မြေပဲဆံတင်ပို့မှုမရှိသည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းလုံ လောက်စွာရရှိခြင်း၊ ဒေသထွက်ဆီများစားသုံးမှု မြင့်မားလာခြင်း၊ စားအုန်းဆီဈေးနှုန်းနှင့် ဒေသထွက်ဆီများ၏ဈေးနှုန်းကွာခြားမှု ကျဉ်းမြောင်းလာခြင်း၊ ဝယ်ယူစားသုံးမှုများပြားလာခြင်းစသည့်တို့ကြောင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ယခင်နှစ်ထက် ပိုမိုကြိတ်ခွဲ ထုတ်လုပ် ရောင်းချလျက် ရှိကြောင်းသိရပါသည်။
၂၀၂၁-ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် လူသုံးများသည့် စားအုန်းဆီ ၁၀ ပိဿာ တစ်ပုံး ၄၈၀၀၀ကျပ်၊ မြေပဲဆီသန့် ၁၀ ပိဿာတစ်ပုံး ၆၀၀၀၀ ကျပ်ဖြစ်သည်။ ကုန်ကြမ်း မြေပဲဆံတစ်ပိဿာ ၂၃၀၀ ကျပ် ဒေသတွင်း ပေါက်ဈေးရှိပြီး ပိဿာ ၁၀၀ ကြိတ်ခဲ့ပါက ဆီသန့် ၄၀ ပိဿာရပြီး ပဲဖတ် ၅၅ ပိဿာထွက်ရှိပါသည်။ ဆီသန့်ပဲဖတ်များကို ‌ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တွံ့တေးမြို့များအဓိက‌ရောင်းချရပြီး ယနေ့ ပဲဖတ်တစ်ပိဿာ ၁၃၂၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားသည့် အတွက် ပြည်ပမှ စားအုန်းဆီများကို ဘီလီယံနှင့် ချီ၍ ဝယ်ယူတင်သွင်းနေရကြောင်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားအုန်း ဆီများကို လျော့ချစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်သကဲ့သို့ ပြည်ပထွက်ငွေလည်း ချွေတာရာရောက်စေကြောင်း နိုင်ငံတော်အကြီးအကဲများက အသိပညာပေးလျက်ရှိသည်။
ပြည်ပသို့ မြေပဲဆံတင်ပို့မှု ပိုလျှံမှသာ ရောင်းချသင့်ကြောင်း၊ သို့မှသာ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်သည့် ဈေးနှုန်းဖြစ်ပေါ်လာ နိုင်ပြီး စားအုန်းဆီစားသုံးမှုကိုလည်း လျှော့ချသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီအား ဈေးနှုန်းသက်သာသဖြင့် စားသုံးနေရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြည်တွင်းမှထွက်ရှိသည့်မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကိုသာ ဝယ်ယူစားသုံးရန် ဆန္ဒရှိကြောင်း စားသုံးသူ မိဘပြည်သူများထံမှ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)