
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများ ဒေသတွင်းဈေးကွက်၌ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတော မြို့နယ်၌ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ငပုတောမြို့နယ်၌ ယခုနှစ် သြဂုတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ခရမ်းသီးများ ဝယ်လိုအား ကောင်းကာ အရောင်းအဝယ်ကောင်းမွန်နေပြီး တစ်ရက်လျှင် ခရမ်းသီး အလုံး ၄၀၀၀၀ မှ ၅၅၀၀၀ အထိ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
“ငပုတောမြို့နယ်ကထွက်ရှိတဲ့ ခရမ်းသီးတွေ အဝယ်လိုက်နေပါတယ်။ တခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေ အဝယ်များနေတာဖြစ်ပါတယ်။ ငပုတောမြို့နယ်ကနေ တခြားဒေသ တွေဆီ တစ်ရက်ကို ခရမ်းသီးအလုံး ၄၀၀၀၀ ကနေ ၅၅၀၀၀ အထိ တင်ပို့ရောင်းချနေရ ပါတယ်။ ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ဒီနှစ်ခရမ်းသီးတွေက အရည်အသွေးကောင်းမွန်သလို အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ လက်ရှိ ခရမ်းအဝိုင်းသီးရော အရှည်သီးပါ အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဒေသထွက်ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းလာတော့ စိုက်ပျိုးသူတွေ စီးပွားရေးအဆင်ပြေ လာပါတယ်” ဟု ခရမ်းစိုက်တောင်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
အဆိုပါဒေသထွက်ခရမ်းသီးအပါအဝင် တခြားကုန်စိမ်းများကို ကျောင်းကုန်းဈေးကွက်အပြင် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
(DOCA) ဧရာဝတီ
