Main menu

အရာတော်သနပ်ခါးအကြောင်း တစေ့တစောင်း

Powered by Drupal
Thu, 02/15/2024 - 10:20 -- consumer_admin

    သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခင်နှစ်ကထက် ယခုကာလ၌ သနပ်ခါးဈေးကွက်ဈေးကောင်းရရှိနေကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ သနပ်ခါးစိုက်ပျိုးထွက်ရှိရာဒေသများအနက် “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ကြသော အရာတော်မြို့၌ သနပ်ခါးစိုက်ဧကအနေဖြင့် ဧက (၁၀၀၀၀၀)ခန့် စိုက်ပျိုး ထားကြောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    သနပ်ခါးပင်ကို အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင်အဓိကစိုက်ပျိုးကြသည်။ သနပ်ခါးပင်သည် ရေငတ်ဒဏ်နှင့် ပူပြင်းသောရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်သော နှစ်ရှည်ပင်ဖြစ်သော်လည်း ဂရုတစိုက် ပြုစုပျိုးထောင်ရသောအပင်မျိုးဖြစ်ပေသည်။ မိမိကဂရုတစိုက်ပြုပြင်ပေးခြင်း၊ မြေပြုပြင်ပြီး မြေဆီမြေခွန်ကျွေးလျှင် ပျိုး‌ထောင်ပြုပြင်သည့်အလျောက် အကျိုးအမြတ်ရနိုင်သော အပင်မျိုးဖြစ်သည်။ သနပ်ခါးပင်ကို မြေချ၍ စတင်စိုက်ပျိုးသည့်နေ့မှ သုံးနှစ်အထိ အချိန်ကာလတစ်ခုအား စောင့်ဆိုင်းရပါမည်။ သနပ်ခါးပင်သည် တစ်ဖန်ပြန်၍ စိုက်ပျိုးစရာမလိုသော အဖိုးတန်နှစ်ရှည်ပင် ဖြစ်သည်။

     ယခင်နှစ်ကာလများ၌ လျှော်ဖြူစိုက်ခင်းများ၊ ဇင်ရွေးစိုက်ခင်းများ၊ မိရိုးဖလာစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲအမျိုးမျိုး၊ ဝါ၊ နှမ်း၊ ပြောင်းနှင့် ဆီထွက်သီးနှံတို့ကိုသာ အဓိကထားစိုက်ပျိုး ကြသော်လည်း ယခုအခါသနပ်ခါးစိုက်ပျိုးခြင်းကို  စီးပွားဖြစ်စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ သနပ်ခါးပင်မျိုးစိတ်ကို ရှေးရိုးအပင်မျိုးစေ့နှင့် စိန်မင်းဟုခေါ်သော  ပြုပြင်ဖန်တီးထားသော စပ်မျိုး မျိုးစိတ်ဟူ၍ နှစ်မျိုးတွေ့ရသည်။ သနပ်ခါးပင်များသည် မြေနီကျောက်ကုန်းများတွင် လျှင်မြန်စွာ ဖြစ်ထွန်းလွယ်၍ အခေါက်ထူပြီး အပွေးသန်ကာ ရနံပိုမိုမွှေးကြိုင်ကြောင်း သိရှိရပါသည်။ သနပ်ခါးအစေ့မှ ပျိုးပင်ပေါက်ရန် အချိန်ကာလအားဖြင့် (၁)လခွဲခန့်ကြာကြောင်း၊ သနပ်ခါးပျိုးပင်များ စိုက်ပျိုးရာတွင်ပျိုးထုပ်များအတွင်း၌ မြေဆွေးနှင့် နုန်းမြေကိုမျှတစွာထည့်ပြီး စိုက်ပျိုးရကြောင်း၊ သနပ်ခါးပျိုးပင်ပေါက်များကို မြေချ၍ စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ဝါဆို၊ ဝါခေါင်လများ ဖြစ်ကြောင်းသိရှိရပါသည်။ သနပ်ခါးပျိုးပင်များစိုက်ပျိုးရာတွင် (၅) တောင်ခြား၍သော်လည်းကောင်း၊ (၆)တောင်ခြား၍သော်လည်းကောင်း မိမိနှစ်သက်ရာအကွာအဝေးဖြင့် အတန်းအလိုက် စိုက်ပျိုးကာ တစ်ဧကလျှင် ပျိုးပင်(၂၅၀-၃၀၀)အထိစိုက်ပျိုးနိုင်ကြောင်း၊ အချို့သနပ်ခါးခြံများတွင် နေရာအကျယ်အဝန်းနှင့်  အရေအတွက် အနည်းအများပေါ်မူတည်ကာ ပျိုးပင်(၃၀၀-၃၅၀) အထိလည်းစိုက်ပျိုးနိုင်ကြောင်း သိရသည်။

     သနပ်ခါးပင်သည် နှစ်ရှည်ပင်အမျိုးအစားတွင်ပါဝင်သောအပင်တစ်မျိုးဖြစ်ရာ ပျိုးပင်မြေချ စိုက်ပျိုးသည့်ရက်မှ  (၅-၇)  နှစ်အတွင်း အရွယ်ရောက်ပြီးသော သနပ်ခါးပင်များကို စတင်ခုတ်ယူ နိုင်ပြီး တဖန်ပြန်၍ အတက်ပေါက်သနပ်ခါးပင်များကိုလည်း (၃)နှစ် တစ်ခါ ခုတ်ယူနိုင်ကြောင်းသိရသည်။ သနပ်ခါးခုတ်ယူရန်အကောင်းဆုံးအချိန်မှာ တော်သလင်းလပြည့်ကျော်မှ သီတင်းကျွတ်လ အတွင်းဖြစ်သည်။ ခုတ်ယူရရှိသောသနပ်ခါးပင်းများကို ဖြတ်တောက်၍ မြန်မာနိုင်ငံတစ်ဝန်းသို့ အတုံးဈေးဖြင့်သော်လည်းကောင်း၊ သနပ်ခါးခဲ( လက်သွေးခဲ) အဖြစ်ပြုလုပ်၍သော်လည်းကောင်း၊ အဖျားသားများကို နာမည်ကြီးဒေါ်သီအမှတ်တံဆိပ်နှင့် ရွှေပြည်နန်းသနပ်ခါး စက်ရုံများသို့လည်း တင်ပို့ရောင်းချ၍ ဒေသတွင်း၌လည်း အသုံးပြုသူများခြင်း၊ ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးကောင်းရနေကြောင်း၊ သနပ်းခါးပင်များကို (၃)နှစ်တစ်ခါ ခုတ်ယူရာတွင် တစ်ဧကလျှင်(၂၅)သိန်းခန့် အမြတ်ကျန်ရှိကြောင်း၊ တစ်နှစ်ပျှမ်းမျှနှုန်းဖြင့် တစ်ဧကလျှင် (၈)  သိန်းခန့်အမြတ်ရ၍ သနပ်ခါးစိုက်ဧကများကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

            အချုပ်အားဖြင့်ဆိုရသော် မြန်မာတို့၏ရိုးရာသနပ်ခါးကို ပြည်တွင်း၌  ရောင်းဝယ်ကုန်သွယ်မှု ပြုလုပ်ခြင်းသာမက အရည်အသွေးမြှင့်တင်၍ ကုန်ချောအဖြစ်ထုတ်လုပ်ကာ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊  ပြည်တွင်း၌ အသုံးပြုခြင်း သာမက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့လျှင် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)