Main menu

စီးပွားရေးလုပ်ငန်းရှင်ကောင်းဖြစ်စေဖို့ စားသုံးသူကာကွယ်ရေးကိုလေ့လာစို့

Powered by Drupal
Tue, 11/21/2023 - 11:01 -- consumer_admin

      လောက သို့မဟုတ် လူ့အဖွဲ့အစည်းကို စာရိတ္တ/အကျင့်အရ မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ထားသောတရားကို လောကပါလတရားဟုခေါ်သည်။  လောကပါလတရား နှစ်ပါး၌ ဟီရိနှင့် သြတ္တပ္ပ ဟူ၍ရှိပြီး ၎င်းတို့သည် မကောင်းမှုပြုရန် အရှက်နှင့် အကြောက်တို့ဖြစ်သည်။ ဟီရိသည် မကောင်းမှု ပြုရမည်ကို ရှက်ခြင်းဖြစ်ပြီး သြတ္တပ္ပသည် မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းမှုပြုရမည်ကို ရှက်ကြောက်ရုံမက မိမိတို့ လူ့အဖွဲ့အစည်းရှိ လူများကို လည်း မကောင်းမှုပြုရမည်ကို ရှက်ကြောက်တတ်လာအောင် ပြုလုပ်ခြင်းသည် လောကပါလ တရားကို ထိန်းသိမ်းခြင်းမည်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် မိမိ၏ လောက၊ မိမိ၏ လူ့အဖွဲ့အစည်းကို မပျက်စီးအောင် ထိန်းသိမ်းခြင်းဖြစ်သည်။ ၎င်းအပြင် ဒုစရိုက်နှင့် သုစရိုက် တို့သည် တရားဥပဒေ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ တရားဥပဒေစိုးမိုးရေးက လူ့အဖွဲ့ အစည်းကို တိုးတက်အောင် ပြုလုပ်ပေးနိုင်သည်။

     ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ် ပြဿနာနည်းနိုင်သမျှ နည်းစွာဖြင့် မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်လာရေး၌ ဒုစရိုက်နှင့် သုစရိုက်ကို ပိုင်းခြားကာ လောကပါလတရားနှင့်အညီ နေထိုင်ရေးသည် လွန်စွာအရေးကြီးပါသည်။ ဒုစရိုက်နှင့် သုစရိုက်တို့သည် မည်သည့် အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဟူ၍ ဓမ္မနှင့် အဓမ္မကို ပြဋ္ဌာန်းသည့် အရာများဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းဝင်အားလုံးတို့၏ ယုံကြည်ချက်လည်းဖြစ်နိုင်သည်။ ဒုစရိုက်နှင့်သုစရိုက်တို့သည် လူသားကို တိရစ္ဆာန်များမှနေ၍ အခွဲခြားပေးနိုင်ဆုံး စံတန်ဖိုးများဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ လူသားတို့သည် ဒုစရိုက်နှင့် သုစရိုက်၊ ဓမ္မနှင့်အဓမ္မကို ပိုင်းခြားနိုင်သောကြောင့်သာ သတ္တဝါများထဲ၌ အဆင့်အမြင့်ဆုံး ဖြစ်နေရခြင်းဟု ဆိုနိုင်သည်။ 

  စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင် ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုသည်။ စီးပွားရေး လုပ်ငန်းများတွင် အသေးစား၊ အငယ်စား၊ အလတ်စား ၊ အကြီးစားလုပ်ငန်း စသည်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ရှိကြသည်။

          စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်သော စားသုံးသူကာကွယ်ရေးလုပ်ဆောင်မှုတို့ကို ဖော်ပြထားရာတွင် စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်နှင့် ဝန်ဆောင်မှုကို စားသုံးသူတွေဆီသို့ နည်းလမ်းမျိုးစုံဖြင့် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းတို့ လုပ်ဆောင်ရပါသည်။ ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကိုဆိုလိုပါသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်း ပါဝင်ပါသည်။ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ၊ ဖြည့်ဆည်းပေး သည့် ဆောင်ရွက်မှုကိုဆိုပါသည်။ ကုန်သွယ်မှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တန်ဖိုးသတ်မှတ်၍ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်သော ပြုလုပ်မှုဖြစ်ပါသည်။

   စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၁၀)၌ ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်တာဝန် (၁၁)ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ထိုအချက် အလက်များမှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်၍      သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့်အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ အရည်အသွေး စမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန်အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပွားမည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကိုညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်း နှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘေးအန္တရာယ် ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုအရသော်လည်းကောင်းသိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့် စားသုံးသူများထံ အချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန်တို့ကို စီးပွားရေးလုပ်ငန်းရှင်များက တာဝန်အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

   အချို့သော စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် ရည်ရွယ်ချက်နှင့်(Target)ပြည့်မီရေး၊ စွန့်ဦးတီထွင်လုပ်ကိုင်ရေး၊ ဈေးကွက်သို့ စတင်ထိုးဖောက်လုပ်ကိုင်ရေး၊ ဈေးကွက်တင်ရောင်းချခြင်း (Marketing) ဆောင်ရွက်လုပ်ကိုင်ရေး၊ စားသုံးသူများ လက်ခံအားပေးစေချင် သော စိတ်ဆန္ဒဖြင့်လုပ်ကိုင်ရေး မည်သည့်အကြောင်းအရာဖြင့် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းရှင်မည်သူမဆို စားသုံးသူကာကွယ်ရေးဥပဒေကို အဓိကထားပြီး လေ့လာ သိရှိရမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူများအပေါ် လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းကိစ္စရပ်များကို သတိမပျက် ရှောင်ကြဉ်ရန် အရေးကြီးလှပါသည်။

     ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ အခြေခံစားသောက်ကုန်ကုန်စည်များ၏ ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများကို နေ့စဉ်ကောက်ယူသုံးသပ်တင်ပြခြင်း၊ ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာထွက်ကုန်အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်း၊  ပြည်ပဈေးကွက်အလားအလာရှိသည့် သီးနှံများအား ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များ၊ နှီးနွယ်ဌာနများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အဟန့်အတားများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဆောင်ရွက်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)