Main menu

မြန်မာ့ရိုးရာ သနပ်ခါးအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal
Thu, 11/02/2023 - 15:48 -- consumer_admin

    မြန်မာရိုးရာသနပ်ခါးကိုတော့ မြန်မာတို့အနေဖြင့် အထူးတလည် မိတ်ဆက်ပေးရန်လိုမည် မထင်ပေ။ မြန်မာနှင့် သနပ်ခါးခွဲခြား၍မရသလို မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုလည်းဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်း အတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်ကို ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့သည်ဟု ယူဆကြသည်။ မြန်မာသနပ်ခါးသည် “သနခါ”ဟူသောစကားမှ ဆင်းသက်လာပြီး “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန်တွင် “မသန့်မရှင်း၊ ယုတ်ညံ့သည်”ဟု ဆိုသည်။ “ခါ”ကမူ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနခါ”သည် မကောင်းသောအညစ်အကြေးများကို စွန့်ထုတ်ပေးသည်ဟု အဓိပ္ပာယ်ရှိပါသည်။  “သနခါ”မှ ကာလရွေ့လျားလာပြီး သနပ်ခါးဟု ပြောင်းလဲခေါ်ဆိုလာခြင်းပင် ဖြစ်သည်။  မြန်မာသနပ်ခါးကို ‌ရှေးအစဉ်အဆက် ကာလကတည်းက မြန်မာနိုင်ငံရှိ မြန်မာအမျိုးသမီးများ၊ လူကြီးလူငယ် များနှင့် ကလေးငယ်များ၏ မျက်နှာပေါ်တွင် အမြတ်တနိုး လိမ်းခြယ်ခဲ့ကြသည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။

    မြန်မာ့သနပ်ခါးကို လိမ်းခြယ်ရာတွင် အလှအပအတွက် လိမ်းခြယ်ကြသလို အသားအရေ ထိန်းသိမ်းရန်အတွက်လည်း လိမ်းခြယ်ကြသည်။ ကျေးလက်တောရွာနေ ကောက်စိုက်သမလေးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ပန်းရန်သမလေးများကလည်း မိမိတို့လုပ်ငန်းခွင်၏ သဘောသဘာဝနှင့် ကိုက်ညီမှုရှိအောင်  ပူပြင်းလှသည့် နေလောင်ဒဏ်ကိုခံနိုင်စေရန် သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းခြယ်ကြသည်။ ပါးပြင်ထက်ဝယ် သနပ်ခါးပါးကွက်ကြားလေးများ လိမ်းခြယ်ထားပါက နေရောင်ဒဏ်ကို ကာကွယ်ရုံသာမက နေပူရှိန်အောက်တွင် ချွေးကလေးတစ်စို့စို့ သနပ်ခါးနံလေး တစ်သင်းသင်း နှင့် စိတ်ကို ပျော်ရွှင် လန်းဆန်းစေသော ဂုဏ်သတ္တိထူးများ ရှိသောကြောင့် နေပူတွင် အလုပ်လုပ်ကြသော ကောက်စိုက်သမလေးများ၊ တောသူတောင်သားများ၏ လက်သုံးတော်ဖြစ်နေခြင်းပင် ဖြစ်သည်။

     မြန်မာ့သနပ်ခါးသည် မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိပြီး သနပ်ခါးရေကျဲလေး လိမ်းလိုက်ရလျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့ နေရောင်ခြည် ဒဏ်ကိုခံနိုင်ပြီး အရေပြားမပျက်စီး အောင်လည်း ကာကွယ်ပေးနိုင်သည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်း အောင်မြင်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံသာမက မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်ရှိသော သနပ်ခါးများအနက် ရွှေဘိုသနပ်ခါးနှင့် စစ်ကိုင်းတိုင်းမှ ထွက်ရှိ‌သော သနပ်ခါးများမှာ ထင်ရှားကျော်ကြား လူကြိုက်များလှသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသား/တိုင်းရင်းသူများ သနပ်ခါးကို အမြတ်တနိုး လိမ်းခြယ်ကြသည်။

     မြန်မာ့ရိုးရာသနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများပါ နှစ်သက်စွာ လိမ်းခြယ်ကြသည်။ သနပ်ခါးသည် အသားအရေအမျိုးအစားမရွေး သုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် သနပ်ခါးကို အခြေခံ၍ ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊ မိတ်ကပ် အစရှိသည်များကို ကျား/မ မရွေး သုံးစွဲနိုင်‌အောင်  ဖန်တီးထုတ်လုပ်နေပြီဖြစ်‌သည်။ သနပ်ခါးတွင် အသားအရေအတွက် ကောင်းစေသော ဗီတာမင် E၊ Anti- bacterial၊ Anti- fugal ၊ Coumarine  နှင့် Mamesin အစရှိသည့်ဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ တင်းတိပ်၊ အဖြူစက်၊ အမည်းစက်များနှင့် အဖုအပိန့် များကိုလည်း ပျောက်ကင်းစေပါသည်။

    သနပ်ခါးသည် အရွက်ကနေစ၍ အမြစ်ထိ အသုံးတည့်သည့် အပင်တစ်မျိုးဖြစ်သည်။ သနပ်ခါးအရွက်နှင့် အပွေးမှာ ကင်ဆာရောဂါကာကွယ်နိုင်သည့် အာနိသင်ရှိပြီး အမြစ်သည် အော့အန်တာ၊ ဝမ်းကိုက်တာ နှင့် လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်သည်။ အသီးပြုတ်ရည်ကို ပိုးကောင်ကိုက်ခံရသည့်နေရာမှာ လိမ်းပေးလျှင် အဆိပ်ပြေစေသည်။ အဆစ်အမြစ် ကိုက်ခဲပါက သနပ်ခါးလူး ပေးလျှင် သက်သာစေနိုင်သည်။ ဝက်ရူးပြန်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အနာကြီးရောဂါအတွက် ဆေးဖော်စပ်ရာတွင် သနပ်ခါး၏အရွက်ကို အသုံးပြုကြသည်။ သနပ်ခါးသည် အရေးပြားမှိုပိုးဝင်ခြင်းကို သက်သာစေသည့်အပြင် အရေပြားပြဿနာဖြစ်စေသည့် ဘတ်တီးရီးယားများကိုလည်း တိုက်ဖျက်ပေးနိုင်သည့် အာနိသင်ရှိပါသည်။

    မြန်မာနိုင်ငံတွင် သနပ်ခါး၏ အရေးပါမှုတစ်ခုမှာ မိခင်က သားသမီးများကို ရေချိုးသန့်စင်ပြီးလျှင် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည် ပျစ်ပျစ်ကို လက်ကလေးဖြင့် သပ်ယူ၍ ဘုရားကို အာရုံပြုကာ ကလေးငယ်များ၏ နဖူးပေါ်နှင့် ပါးပြင်နှစ်ဖက်လုံးပေါ်သို့ လိမ်းခြယ်ပေးလေ့ရှိသည်။ ကြွင်းကျန်နေသော ကျောက်ပျဉ်ထက်မှ သနပ်ခါးကိုပါးစပ်ထဲ ထည့်ခွံပေးလေ့ရှိသည်။ ရင်သွေးငယ်ကို သနပ်ခါး ကျွေးခြင်း ဖြင့် ကလေးငယ်များ ဖြစ်တတ်သော ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကို ကာကွယ်ပေးသည့်အပြင်  သနပ်ခါး၏ အေးမြမှု၊ မိခင်၏ ချစ်ခြင်းမေတ္တာကြောင့် အေးမြမှု နှစ်မျိုးပေါင်းစပ်ကာ သနပ်ခါးလိမ်းရသည့် ကလေးမှာ လုံခြုံနွေးထွေးမှုကို ရစေသည်။ ထို့အတူ အကို၊ အမ၊ ဦးလေး၊ အဒေါ်စသည့် မိသားစုဝင်များကလည်း လက်ဆင့်ကမ်းကာ မိမိတို့၏ တူ၊ တူမ၊ ညီ၊ ညီမများကို သနပ်ခါးလိမ်းပေးလေ့ရှိကြသည်မှာ ယနေ့ထိတိုင် မြန်မာ့လူ့အဖွဲ့ အစည်း၏ သနပ်ခါးယဉ်ကျေးမှုဓလေ့ တစ်ခုဖြစ်ပါသည်။

     သနပ်ခါးသည်မြန်မာ့ လူမူရေးအစဉ်အလာ အလေ့အထ၊ ရိုးရာဓလေ့နှင့် ပွဲတော်များတွင် အရေးပါသည့် နေရာမှပါဝင်သည်ကို ရာသီအလိုက် ရိုးရာပွဲတော်များတွင် တွေ့မြင်နိုင်သည်။ သနပ်ခါးကို မြတ်နိုး တန်ဖိုးထားလျက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် ဈေး‌ရောင်းပွဲတော်များကျင်းပခြင်း၊ သနပ်ခါးနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပခြင်းတို့ကို ဆောင် ရွက်လျက်ရှိသည်။ မြန်မာ့ရိုးရာ ပြက္ခဒိန်အရ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်ကိုရည်စူးကာ သနပ်ခါးသားဖြင့် မီးပူဇော်သည်ကို အကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းက သတ်မှတ်ပြီး သနပ်ခါးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတုဒီသာများကျွေးမွေးခြင်း ၊ ဗုဒ္ဓဘုရားကို ရည်မှန်းကာ သနပ်ခါးအစရှိသည့် အမွှေးနံ့သာတို့ဖြင့် တန်ခိုးကြီးဘုရားများတွင် မီးပူဇော်ခြင်း၊ သနပ်ခါးဈေး‌ရောင်းပွဲတော်များနှင့် မီးပုံးပွဲတော်များ ကျင်းပဆောင်ရွက်ကြသည်။

    “မီးပုံးလှူပွဲ၊ တပို့တွဲ”ဟူသော ဆိုရိုး စကားအတိုင်း တပို့တွဲလတွင် ထိုပွဲတော်ကို ကျင်းပ၍ မီးပုံးပွဲတော် ဟုခေါ်သည်။ တပို့တွဲလသည် အအေးဓာတ်လွန်ကဲသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား နွေးနွေးထွေးထွေး ရှိစေရန် ရည်စူး၍ သနပ်ခါးအတုံးများ၊ အကိုင်းအလက်များ၊ ကရမက်၊ နံ့သာဖြူ/နီ စသော အခြားမွှေးနံ့သာတုံးများနှင့် ရောနှောကာ မီးရှို့ပူဇော်ကြသည်။ ယင်းကာလတွင် ဗုဒ္ဓဘုရားရှင် အား ရည်စူး၍ မီးပုံးပွဲကို တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းကာ သနပ်ခါးအစရှိသော အမွှေးနံ့သာတို့ဖြင့် ဘုရားကို မီးပူဇော်ကြသည်မှာ မြန်မာတို့၏ ယုံကြည်မှု၊ လူမူရေးအစဉ်အလာ ဖော်ပြ ချက်များ စသည်တို့တွင် သနပ်ခါး၏ နက်ရှိုင်းစွာ ပါဝင်နေမှုကို ဖော်ပြနေပါသည်။

   မြန်မာ့သနပ်ခါးပင် စိုက်ပျိုးရေးနှင့် သနပ်ခါးယဉ်ကျေးမှုကို  လူငယ်များအကြား ဖြန့်ဝေပေးနိုင်ရန်အတွက် သနပ်ခါးပြတိုက်တစ်ခုကို ရွှေပြည်နန်းကုမ္ပဏီက ညောင်ဦးမြို့တွင် တည်ထောင်ဖွင့်လှစ် ထားကြောင်း လေ့လာသိရှိရပါသည်။ ထို့အပြင် မြန်မာ့သနပ်ခါးကို တန်ဖိုးထားလျက် မိမိတို့၏ ရိုးရာယဉ်ကျေးမှု သနပ်ခါးကို တန်ဖိုးထား ထိန်းသိမ်းကာ ဆက်လက်ရှင်သန်စေရေး လက်ဆင့်ကမ်းပေးနိုင် ရန်အတွက် မြန်မာနိုင်ငံသနပ်ခါးအသင်းကို ၁၁-၁၁-၂၀၁၇ ရက်နေ့က စတင်တည်ထောင်ခဲ့ကြသည်။

   ကမ္ဘာတွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာ သနပ်ခါးကို အလှအပခြယ်မှုန်းရာတွင် ရိုးရာအလှပြင်ပစ္စည်းအဖြစ်သာမက တစ်ခါတစ်ရံတွင်လည်း ဒဏ်ရာအနာတရများနှင့် တင်းတိပ်ဝက်ခြံများ ပျောက်ကင်းအောင်လည်း လိမ်းခြယ်အသုံးပြုကြသည်။ မြန်မာပြည်သည် အဝတ်အစား ဆင်ယင်ထုံးဖွဲ့မှုမှသည် အစားအသောက်ပုံစံအထိ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိသော သမိုင်းကြောင်း ခိုင်မာ သောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများလည်း ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ လက်ဆင့်ကမ်းခဲ့သော ရိုးရာအမွေအနှစ် ဓလေ့စရိုက်မှာလည်းများစွာရှိပြီး ထိုဓလေ့ စရိုက် အမွေအနှစ်များထဲမှ ဆင်ယင်ထုံးဖွဲ့မှုနှင့် အလှအပခြယ်သမှုများတွင် ယခုအချိန်ထိ စွဲမြဲစွာ ဆောင်ရွက်နေသော ချစ်စရာဓလေ့စရိုက်တစ်ခုမှာ သနပ်ခါးလိမ်းခြင်းပင်ဖြစ်သည်။

    သနပ်ခါးဆိုသည်မှာ မြန်မာလူမျိုးတိုင်း တန်ဖိုးထားရသည့် ပြည်တွင်းအလှကုန် တစ်မျိုးဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ‌ကတည်းက မြန်မာအမျိုးသမီးများသည် သနပ်ခါးကို အလှပြင်စရာပစ္စည်း Traditional Makeup အဖြစ် လိမ်းခြယ်ကြသည်။ နန်းတွင်းသူကအစ ကောက်စိုက်သမများအဆုံး ခုံမင်စွာ လိမ်းကျံခဲ့ကြသည့် သနပ်ခါးသည် ယနေ့အထိ မြန်မာအမျိုးသမီးများ၏ ပါးပြင်ပေါ်တွင် နေရာယူထားပြီး အမြတ်တနိုး လိမ်းခြယ်ထားလျက်ရှိကြောင်း စုဆောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)